အချစ်၏ ငွေရောင်ဆံညှပ်လေး
ဖြစ်ချင်သောစိတ်အား ကဲ့ရဲ့ရှုတ်ချသူများကို
ကျွန်တော် မုန်းပါသည်။ အချစ်၏
အပြာရောင်လွယ်အိတ်လေး ဖြစ်ချင်သော
စိတ်အား ကန့်ကွက်ခြေထိုးကြသူများကို
ကျွန်တော် ရွံရှာမိပါသည်။ အချစ်၏
ကတ္တီပါဖိနပ်လေး ဖြစ်ချင်သောစိတ်အား
လှောင်ပြောင်သရော်ကြသူများကို
ကျွန်တော် စက်ဆုပ်မိပါသည်။
ဒေါင်းတစ်တွန် စွန်တစ်ဝဲ ဝေးနေရသည်ကိုပင်
အချစ်က မလိုလားပါ။ ကဗျာတစ်ပါဒမျှ
အလှမ်းဝေးရုံလေး ဝေးနေရသည်ကိုလည်း
အချစ်က မပျော်ပိုက်နိုင်ပါ။
ထိကရုံးပင်လေးများ တစ်ခါအိပ်သွားပြီး
ပြန်နိုးလာ ကြသည့်အချိန်မျှပင်
ခွဲခွာ၍မနေချင်ပါ။ စောင်းသမား၏
တစ်ဘွဲ့တစ်ကြိုးလောက်ဝေးနေရလျှင်တော့
အခက်ကြီး ခက်ရပါလိမ့်မည်။
သက်တံတစ်ခုံးတစ်ဝန်းမျှ ဝေးရဖို့ကိုတော့ဖြင့်
အတွေးမှာပင် မတွေးဝံ့ မတွေးတတ်တော့ပါ။
တစ်ခြမ်းတစ်ဖဲ့ဖြစ်ဖြစ်
စေတနာသဒ္ဓါသလောက် စွန့်ကြဲဖို့ရန်
တောင်းခံနေရခြင်းမှာ အချစ်ကြောင့်ဖြစ်ပါသည်။ တွယ်တာနိုင်သလောက် ရွေ့လာလှမ်းလာခဲ့
စေချင်ခြင်းမှာအချစ်ကြောင့် ဖြစ်ပါသည်။
ငုလို ပိတောက်လို ခိုင်ရွှေဝါ လို
အခါ ရာသီအလိုက် ပန်းများ မဆုတ်မနစ်
အလှဆုံးပွင့်ဝေခဲ့ကြခြင်းမှာ
အချစ်ကြောင့် ဖြစ်ပါသည်။ ဥတ္တရလေ၊
မုတ်သုံလေ စသည်ဖြင့် အခါရာသီအလိုက်
တိုက်သောလေများ အရပ်ဌာနေ မလွဲမသွေ
မှန်ခဲ့ကြသည်မှာလည်း အချစ်ကြောင့်ပင်
ဖြစ်ပါသည်။ လူသူလေးပါးမရိပ်မိပါဘဲ
ပဲခူးရွှေမော်ဓောဘုရား၏ ကြာသပတေးထောင့်
ပန်းခုံပေါ်တွင် သစ္စာပန်းတချို့ ခဏခဏ
တွေ့နေရခြင်း မှာလည်း အချစ်ကြောင့်ပင်
ဖြစ်ပါသည်။
မြားကာနိမ့်နေသော စစ်မြင်းရထားကို
ဒသဂီရိကြီး အကြောက်အလန့်မရှိ
စီးဖြစ်ခဲ့ခြင်းမှာလည်း အချစ်ကြောင့်သာ
ဖြစ်ပါသည်။ ဒသဂီရိ ကျဆုံးသည့်အခါ
မိုဟန်ဂျိုဒါရိုတောင်တန်းများပေါ်တွင်
မြှုပ်နှံသင်္ဂြိုဟ်လိုက်ကြသည်။
မြားဒဏ်သင့်၍ သေဆုံးခဲ့သည်ဆိုသော်လည်း
မည်သူ၏ မြားချက်ဖြင့် သေဆုံးသွားရကြောင်းကို
ဒီကနေ့အထိ ကျွန်တော် ဇဝေဇဝါ ဖြစ်နေမိသည်။
“ညှို့မျက်ဝန်း””
