နောက်ဆုံးနက္ခတ် - ပုညခင်
" ဘဝအဆက်ဆက် စစ်မက်နဲ့ဝေးပါစေ "
ပထမ-အင်္ဂလိပ်မြန်မာစစ်ပွဲအချိန်ကာလနောက်ခံ
လွန်ခဲ့တဲ့နှစ် ၂၀၀ ခန့်ဆီသို့ စိတ်ဝိညာဉ်တို့ကို ပြန်လည်ခေါ်ဆောင်သွားခဲ့တဲ့ ဇာတ်လမ်းတစ်ခု။
ဗဒုံမင်းနန်းစံစဉ်ကာလ နဲ့ စစ်ကိုင်းမင်းနန်းစံချိန်အထိ ခေတ်တခေတ်ကို ခေါ်ဆောင်သွားပေးပြီး
သမိုင်းအမှန်နဲ့ ယှဉ်တွဲပြီး သက်ဝင်လှုပ်ရှားနေတဲ့ စိတ်ကူးထဲကဇာတ်ကောင်တွေ နဲ့ တကယ်ရှိခဲ့တဲ့ဇာတ်ကောင်တွေကို မြင်ရ ခံစားရမဲ့ စာအုပ်ပေါ့ ။
ရွှေတိဂုံဘုရားကြီးတည်ရှိရာ ရန်ကုန်မြို့
ဗဒုံမင်းတရားစိုးစံရာ အမရပူရမြို့
ကုန်းဘောင်ခေတ်ကာလ ပတ်ဝန်းကျင်ကို စိတ်ကူးနဲ့ရောက်ခဲ့ရတာ ။
သစ်တောတွေထူထပ်လှသေးတဲ့ ရန်ကုန်
ကျားဟိန်းသံကိုပင်ကြားရတဲ့ ရန်ကုန်မြို့ပတ်ဝန်းကျင်ကို အဲမွန်ဆိုတဲ့ မွန်ကောင်လေး
တစ်ယောက်နဲ့အတူ မြင်တွေ့ခဲ့ရတယ် ။
မွန်လူမျိုးတို့ရဲ့ နှလုံးသား ဗမာလူမျိုးတို့ရဲ့
နှလုံးသား ရွှေတိဂုံဘုရားရင်ပြင်တော်ပေါ်မှာ
လှုပ်ရှားခဲ့တဲ့ အရိပ်သုံးခုနဲ့ ရယ်သံတွေ ။
စဥ့်ကူးမင်း ခေါင်းလောင်ကို ညဘက်ကြီးထိုးနေခဲ့တဲ့ကောင်မလေးတစ်ယောက် ။ လှေကားတွေကို
စတက်ဘိုင်စတက်လို့ အော်ပြီး ပြေးတက်ခဲ့တဲ့ကောင်ကလေး ။
ရန်ကုန်ဆိုတာ ဇနပုဒ်ရွာကလေးပါလို့ ပြောတတ်တဲ့ တစ်ချိန်က ဘုရင့်ထီးနန်းစိုက်ရာ အမရပူရရွှေမြို့တော်မှာနေထိုင်ကြတဲ့သူတွေ ။
ခင်ယွန်းမေဆိုတဲ့ နန်းတွင်းအမှုထမ်းမျိုးနွယ်က သမီးပျိုလေး ။ မြဝတီမင်းကြီးဦးစကို တစ်ဖက်သတ် သဘောကျနေခဲ့တဲ့ ခင်ယွန်းရဲ့ အဒေါ်အပျိုကြီးတစ်ယောက် ။ သမိုင်းမှာ တကယ်ရှိခဲ့တဲ့ ဗဒုံမင်း နဲ့ ဦးစတို့ကို ဇာတ်ကောင်တွေနဲ့အတူ မြင်ရတော့ အချိန်ခရီးသွားလိုမျိုး ခံစားခဲ့ရတာ။ ကုန်းဘောင်ခေတ်ကို ပြန်ရောက်သွားခဲ့ရသလိုမျိုး ။
ကုန်လွန်ခဲ့ပြီးသော ကုန်းဘောင်ခေတ်ကို ပြန်လည်ရောက်ရှိခံစားပြီး နှလုံးသားမှာ
ခိုအောင်းတွယ်ငြိခဲ့တဲ့ ကြည်နူးလွမ်းဆွတ်ဖွယ်
ချစ်ခြင်းမေတ္တာတွေ ။
" ချစ်ခြင်းမေတ္တာဟာ အကြောင်းအရာများများ
မသိဘဲလည်း ဖြစ်တည်နိုင်တဲ့အရာမျိုး အဝေးကြီး ဝေးသွားလည်း ဆက်ရှိနေနိုင်တဲ့ အရာ "
ရှေ့လှမ်းလို့လည်းမသာ နောက်ဆုတ်ရလည်း
ခက်နေခဲ့တဲ့ အဲမွန် နဲ့ ခင်ယွန်းတို့ရဲ့
ချစ်ခြင်းတစ်ပုဒ် ။
ကိုယ်ကတစ်ယောက်ကိုကြိုက်မိခဲ့ပေမဲ့
အဲ့တစ်ယောက်က ကိုယ့်ကိုမမြင်ခဲ့တဲ့ ဝမ်းနည်းဖွယ် ချစ်ခြင်းနဲ့ ချစ်မိခဲ့ကြ "ချစ်မလောက်" နဲ့
"ရှင်ငြိမ်းသာ" တို့တွေ ။
ဗမာစစ်သားကလေးနဲ့ ယိုးဒယားသူလေး
တစ်ယောက်ကြားက ချစ်ခြင်းမေတ္တာဖွဲ့နဲ့
လွဲမှားခဲ့တဲ့ ရှေးရေစက်လို့ပြောကြတဲ့ အများမြင်သာအောင် ချစ်ခွင့်မရရှာတဲ့ ရွှေပိုး နဲ့
သျှင်ထွေးတို့ရဲ့ အချစ်တွေ ။
နူးညံ့လွန်းတဲ့ချစ်ခြင်းမေတ္တာကြိုးမျှင်တွေဟာ
နှလုံးအိမ်မှာ ရစ်ပတ်နှောင်တွယ်ပြီးတဲ့အခါ တင်းတင်းကြပ်ကြပ်ထပ်အရစ်ခံခဲ့ရတာဟာ
စစ်ဆိုတဲ့ ရက်စက်တဲ့နွယ်မျှင်တွေ ။
စစ်ကြောင့် ခံစားခဲ့ရတဲ့ ဘဝတွေဟာ ဟိုးလွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာကတည်းက ဟောဒီမြေပေါ်မှာ ခံစားခဲ့ကြရတာ ။ ဒါဟာတကယ်ဖြစ်ခဲ့တဲ့
စစ်ပွဲတစ်ခု သမိုင်းအစစ်တစ်ခုဆိုတာ
သိသိရက်နဲ့တောင် ဇာတ်ကောင်တွေရဲ့ ခံစားချက်တွေ ရစ်ပတ်ပြီးတဲ့အခါမှာ ဝမ်းနည်းနာကျင်
ထိတ်လန့်ခဲ့ရတယ် ။
ဓနုဖြူတိုက်ပွဲဟာအရင်က နှလုံးသားထဲမှာ
မရှိခဲ့ပေမဲ့ ဒီစာအုပ်ဖတ်ပြီးချိန်မှာတော့ ဝမ်းနည်းဖွယ်တိုက်ပွဲတစ်ခုဖြစ်ခဲ့ရတယ် ။
ကိုယ်ကောင်းစားရေးအတွက် တခြားသူမကြည့်ခဲ့သူတစ်ယောက်ရဲ့ နှလုံးသားမှာ ဇာတိသွေး ဇာတိမာန်တွေ ဝင်သွားခဲ့တဲ့အချိန်ဟာ
ကြည်နူးစရာ။
ဓနုဖြူတိုက်ပွဲအပြီး ရှေ့ဆက်မဖတ်နိုင်တော့အောင် နှလုံးအိမ်မှာ ဝမ်းနည်းပူဆွေးခဲ့ရတာ ။
ရက်စက်ပါပေ့ စစ်ပွဲရယ် ။
ကုန်းဘောင်ခေတ်ရဲ့ အချစ် နဲ့ စစ် ဘဝအဖုံဖုံဟာ
နှလုံးအိမ်ဝယ် ရစ်ပတ်ပြီးတဲ့အခါ စိတ်အာရုံဟာနွမ်းလျစွာကျန်ရစ်ခဲ့တော့တယ် ။
" လောကကြီးမှာ ချစ်ရုံသက်သက်
ရေစက်တွေလည်း ရှိတတ်တာကို လက်ခံပေးပါ "
