#ယနေ့ထုတ်သတင်းစာ_သတင်း
◼ အွန်လိုင်းမှ ရွှေရောင်းချခြင်းအတွက် လုပ်ငန်းမှတ်ပုံတင် လျှောက်ထားရမည်
အွန်လိုင်းလူမှုကွန်ရက်မှတစ်ဆင့် ရောင်းချနေသည့် ရွှေဆိုင်များအနေဖြင့် ကုန်သွယ်ရေးဦးစီးဌာနတွင် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း (Online Sales) လုပ်ငန်းမှတ်ပုံတင်လျှောက်ထားရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း (YGEA)မှ သိရသည်။
ရွှေဆိုင်များအနေဖြင့် ဓာတ်သတ္တု (ရွှေ)ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်အပြင် Online Sales မှတ်ပုံတင်ပါလျှောက်ထားရမည်ဖြစ်ကာ အွန်လိုင်းစနစ်ဖြင့်မရောင်းပါက ထပ်မံလျှောက်ထားရန် လိုအပ်မည်မဟုတ်ကြောင်းသိရသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၄၊ပုဒ်မခွဲ(ဂ) အရပြည်ထောင်စုအစိုးရအဖွဲ့က အပ်နှင်းသည့် အမိန့်ထုတ်ပြန်နိုင်ခွင့်ကိုကျင့်သုံး၍ ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ်သတ်မှတ်ခဲ့ပြီးနောက် နေ့စဉ်ရွှေရည်ညွှန်းဈေးနှုန်းကို သတ်မှတ်ထုတ်ပြန်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် စံချိန်မီရွှေရည်ညွှန်းဈေးအတိုင်း ရောင်းဝယ်ခြင်းမရှိသူများနှင့် ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်လျှောက်ထားမှုမရှိသူများ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အသိပေးကြေညာထားကြောင်း သိရသည်။
