8 w - Translate

အသေးစားချေးငွေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု သိသိသာသာ ကျဆင်းလာ
ရန်ကုန်၊ မတ် ၂၀
၂၀၂၀ ပြည့်နှစ်နှောင်းပိုင်းမှ စတင်ကာ ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှု နောက်ပိုင်းကာလတွေမှာ အသေးစားချေးငွေလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုတွေ သိသာစွာ ကျဆင်းသွားတယ်လို့ အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ စီမံ/ဘဏ္ဍာဝန်ကြီး ဦးဝင်းရှိန်က ပြောပါတယ်။
ဒီအခြေအနေတွေကို အသေးစားငွေရေးကြေးလုပ်ငန်း ကုမ္ပဏီတွေက တင်ပြတဲ့ စာရင်းဇယားတွေအရ စိစစ်တွေ့ရှိရတာလို့ မတ်လ ၁၉ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ ထည့်သွင်းပြောကြားခဲ့တာပါ။
၂၀၂၅ ခုနှစ် ဇန်နဝါရီလစာရင်းတွေအရ အသေးစားချေးငွေလုပ်ငန်း ကုမ္ပဏီ ၁၇၇ ခုကနေ ထုတ်ချေးငွေလက်ကျန် ကျပ် ၂၀၁၂.၀၂၁ ဘီလီယံရှိပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီလစာရင်းနဲ့ နှိုင်းယှဉ်ရင် ထုတ်ချေးငွေလက်ကျန် ကျပ် ၇၇၁.၀၁၅ ဘီလီယံ လျော့ကျသွားတာကို စာရင်းတွေမှာ တွေ့ရှိရပါတယ်။
လျော့နည်းကျဆင်းရတဲ့ အခြေအနေတွေထဲမှာ ငွေချေးလုပ်ငန်းတွေ လိုအပ်တဲ့ လည်ပတ်မတည်ငွေရင်းကို ပြည်တွင်း/ပြည်ပငွေရေးကြေးရေး အဖွဲ့အစည်းတွေထံကနေ သင့်တင့်တဲ့ အတိုးနှုန်းနဲ့ ရယူနိုင်ရေး လိုအပ်ချက်ရှိနေတာကလည်း တစ်ခုအပါအဝင်ဖြစ်တယ်လို့ ကော်မတီဥက္ကဋ္ဌက ဆိုပါတယ်။
ဒါ့အပြင် နယ်မြေဒေသအခြေအနေတွေကြောင့် လုပ်ငန်းလည်ပတ်နိုင်မှုမရှိတဲ့ နယ်မြေဒေသတွေမှာ ငွေကြေးဝန်ဆောင်မှု ရရှိစေရေး နည်းလမ်းတွေ ဖော်ထုတ်ဖို့ လိုအပ်တယ်လို့လည်း ၎င်းက ထည့်သွင်းပြောကြားပါတယ်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလအထိ ရရှိစာရင်းအရ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် ၁၂ ခုက အသင်းဝင်ဦးရေ ၂.၈၅၅ သန်းကို ထုတ်ပေးထားတဲ့ ချေးငွေလက်ကျန်အဖြစ် ကျပ် ၂၀၁၂.၀၂၁ ဘီလီယံရှိကြောင်း သိရှိရပါတယ်။
သတင်း - BETV Business

image