" စိတ်မကောင်း ဖြစ်မနေနဲ့
လောကမှာ လူလုပ်ရင် အကြောင်းအမျိုးမျိုး
ကြုံရမှာပဲ ကြုံလာရင် ကြံရမှာပဲ "
ဆရာမကြီးရဲ့ ပထမဆုံးလက်ရာလို့ ဆိုလို့ရတဲ့
ဝတ္ထု ။ "အဖြူ"ဝတ္ထုက "သူမ"ထက် အရင်ရေးသားခဲ့ပေမဲ့ ဂျပန်ခေတ်အခြေအနေကြောင့် သူမ ဟာ
အရင်ဆုံးထွက်လာခဲ့တာတဲ့ ။
အမျိုးသမီးတွေအတွက် အဓိကလမ်းပြပေးတဲ့ ဝတ္ထုလို့ နာမည်ကြီးတဲ့ စာအုပ်ပေါ့ ။ အခက်ခဲဆုံး အခြေအနေမှာလည်း အမျိုးသမီးတွေဟာ ဒူးနဲ့ မျက်ရည်သုတ်မနေဘဲ ကြုံလာတဲ့ အခက်အခဲကို ရင်ဆိုင်ဖြေရှင်းနိုင်တဲ့ အစွမ်းရှိကြောင်း ပြောပြခဲ့တဲ့ စာအုပ် ။
တစ်ချိန်တည်းမှာ အမျိုးသမီးတွေရဲ့ အားငယ်စိတ်ကို ဖော်ပြထားပြီး အဲဒီတစ်ချိန်တည်းမှာပဲ ရင်ဆိုင်နိုင်စွမ်းရှိတဲ့ အစွမ်းအစရှိကြောင်း ပြသခဲ့တာမို့ တော်တော်လေး သဘောကျမိရတယ် ။
ဇာတ်လမ်းကတော့ သက်သက် နဲ့ လှဆိုတဲ့
ကိုယ့်အားကိုယ်ကိုးပြီး နေထိုင်နေကြတဲ့ မိန်းကလေးငယ် နှစ်ယောက် ။ တချိန်က ချမ်းသာကြွယ်ဝတဲ့ မိဘတွေနဲ့ နေခဲ့ရပေမဲ့ ဂျပန်ခေတ်
ဗုံးဒဏ်ကြောင့် မိဘရော စည်းစိမ်ပါ ဆုံးရှုံးခဲ့လို့ ဆင်းရဲသွားကြတဲ့ သူငယ်ချင်းနှစ်ယောက်ပေါ့ ။
ဘာမှမရှိတဲ့ကြားထဲက တစ်နေ့တော့ ကားအရောင်းအဝယ်အတွက် ပွဲစားသဘောလုပ်ပေးရင်း ငွေ နှစ်ထောင့်ငါးရာ ကျပျောက်ခဲ့တယ် ။
တနေ့တနေ့ စားဖို့တောင် အနိုင်နိုင်ရုန်းကန်နေရတဲ့ ဂျပန်ခေတ်အောက်မှာ တစ်လမှ လခ တစ်ရာကျော် ရတဲ့ မိန်းကလေးနှစ်ယောက်အတွက်
ငွေ နှစ်ထောင်ကျော်ဆိုတာ ဘယ်လိုမှအလွယ်တကူ ပြန်ရှာလို့ မလွယ်တဲ့ ပိုက်ဆံဖြစ်နေခဲ့တယ် ။
သမာရိုးကျဇာတ်လမ်းဆို ငိုယိုဒူးထောက်တောင်းပန်ပြီး ငွေနှစ်ထောင်ကျော်အတွက်
ဖြေရှင်းလိုက်လို့ ရနိုင်ပေမဲ့ ဆရာမကြီးဟာ အမျိုးသမီးတွေရဲ့ အကျပ်အတည်းက လွတ်မြောက်အောင် စွမ်းဆောင်နိုင်ပုံကို
သက်သက် ဆိုတဲ့ ဇာတ်ကောင်ကနေ ရေးပြခဲ့တယ်။
သက်သက် ဟာ ရန်ကုန်မြို့က ပညာရေးဝန်ကြီး အိမ်မှာ အိမ်ဖော် တစ်နည်း အိမ်ဖော်တွေကို
စေခိုင်းရတဲ့ အိမ်ဖော်အကြီးပုံစံပေါ့ ။
ယောကျ်ားသားချည်း ငါးယောက်ရှိတဲ့ အိမ်မှာအလုပ်သွားလုပ်ခဲ့တဲ့ သက်သက် ။ သူ့ရဲ့ အိန္ဒြေ သိက္ခာကို စောင့်စည်းရင်း အိမ်ကြီးမှာ အလုပ်လုပ်ခဲ့ပုံဟာ စံပြလေးစားစရာ ။
အိမ်မပီသတဲ့ အိမ်ကြီးကို မိန်းကလေးတွေရဲ့ အိမ်ထောင်စီမံပုံနဲ့ ပြင်ဆင်ပေးခဲ့နိုင်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အရေးပါပုံတွေ ။
သူ့အိမ်မှာ အလုပ်လာလုပ်တဲ့ မိန်းကလေးမှ
ချစ်မိသွားတဲ့ ဝန်ကြီး ဦးမင်းဟန် ။ လှပလွန်းတဲ့ ယမင်းရုပ်ကလေးကို သူ့ရဲ့ အိမ်ဧည့်ခန်းထဲမှာ ရာသက်ပန်ထားချင်တဲ့ ပုံရိပ်လေးကလည်း
ခပ်ဝါးဝါးပါနေခဲ့တယ် ။
သက်သက် တစ်ယောက် ပိုက်ဆံတွေ
ပြန်ဆပ်သွားနိုင်မှာလား ။ အမျိုးသမီး
တစ်ယောက်ရဲ့ စွမ်းဆောင်နိုင်ပုံတွေကို
ပြသထားရင်း ဦးမင်းဟန်ရဲ့ အချစ်ဇာတ်လမ်းဟာလည်း ရင်ကို နွမ်းလျစေပါတယ် ။
