သုခဘုံ ပျောက်ဆုံးသွားသောအခါဝယ်
အသက် ခြောက်ဆယ်တန်း၊ ခုနှစ်ဆယ်တန်းတွေနဲ့ စကားပြောကြည့်တဲ့အခါမှာ သူတို့စကားထဲမှာ သူတို့ခေတ်တုန်းက ဘယ်ရုံမှာ ဘယ်လိုရုပ်ရှင်တွေ ကြည့်ခဲ့ရတာ၊ ဘယ်ဇာတ်ကားတွေက ဘယ်လိုကောင်းတာဆိုပြီး မှတ်မှတ်ရရ ပြန်ပြောင်းအောက်မေ့ပြီး ပြောတဲ့စကားတွေ ပါလာတတ်တာကို သတိထားမိတယ်။ ဒါတင်မကသေးဘဲ သူတို့ကြည့်ခဲ့ရတဲ့ ရုပ်ရှင်ကားတွေကို ဘယ်ရုံမှာ ကြည့်တယ်ဆိုတာကအစ ဘောလုံးကွင်းထဲ ပိတ်ကားထောင်ပြီး ပြတာအဆုံးတောင်မှ ပါတတ်သေးတယ်။
ရယ်စရာတစ်ခုက ရုပ်ရှင်ထဲမှာ ဖိုက်တင်ပလေးတဲ့ အခန်းတွေ ပါလို့ မင်းသားက ခံနေရပြီဆိုရင် လူအုပ်ကြီးက မရိုးမရွဖြစ်လာပြီး ဒေါသတွေ ပေါက်ကွဲကြတယ်တဲ့။ ဒါတင်မကသေးဘဲ ပိတ်ကားကြီးကိုပါ ခဲနဲ့ ထုကြလို ပေါက်ပြဲကုန်ပြီး လျော်ရတာလည်း အကြိမ်ပေါင်း မနည်းဘူးလို့ ပြောကြသေးတယ်။ နောက်ထပ်ရယ်စရာတစ်ခုက ကိုယ့်အကြောင်းပါပဲ။ ကလေးတုန်းက ရုံသွားကြည့်ရင်း ကိုယ်က တအားသိုင်းကစားပြတာ။ ဘယ်လိုလဲဆိုတော့ ရုပ်ရှင်ထဲမှာ ချခန်း၊ဖိုက်ခန်းတွေ ပါလာရင် လူက ခြေမြှောက်လိုက်၊ လက်မြှောက်လိုက်နဲ့ ရုပ်ရှင်ထဲ ဈာန်ဝင်စားသွားတတ်တယ်။
တကယ်တော့ လူတွေအတွက် တကယ် တကယ်တမ်းပြောရရင် အရေးအကြီးဆုံးက စားဝတ်နေရေးပါပဲ။ ဒါပေမဲ့ အသံတိတ်ရုပ်ရှင်တွေ စပေါ်လာကတည်းက လူတွေရဲ့ ဘဝမှာ ဒီနေ့ဒီအချိန်အထိ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာတာကတော့ ရုပ်ရှင်တွေလို့ ပြောရမယ်။ လူတွေက သူငယ်ချင်းမိတ်ဆွေ၊ ချစ်သူရည်းစားတွေနဲ့ ရုပ်ရှင်ရုံထဲသွား၊ တစ်ယောက်တည်းသွားလည်း ဘာမှမဖြစ်ဘူး။ ရုံထဲမှာ သူလိုကိုယ်လို အဖော်တွေ များကြီးရှိတယ်။ အထီးကျန်နေမှာ မဟုတ်ဘူး။ ပြနေတဲ့ ရုပ်ရှင်က ကြောက်ဖို့ကောင်းနေရင် လူတွေရဲ့ မျက်လုံးတွေက ပိတ်ကားပေါ် မရှိတော့၊ ရယ်စရာကောင်းနေရင် လူတွေရဲ့ ရယ်သံက ရုံအပြင်ဘက်အထိတောင်မှ ထွက်လာတတ်သေး၊ ဝမ်းနည်းစရာဆိုရင်တော့ မှိန်တလှည့် လင်းတလှည့် ပိတ်ကားဆီက အလင်းပြန်တဲ့ အလင်းရောင်အောက်က လူတွေရဲ့ မျက်နှာမှာ မျက်ရည်တွေ အတိုင်းသားကျလို့။
ဒီအကြောင်းတွေက ကျန်ခဲ့ပြီဖြစ်တဲ့ အတိတ်တုန်းက အကြောင်းအရာတွေပေါ့။ လူအများစုက အကြောင်းကြောင်းကြောင့် ရုပ်ရှင်ရုံတွေဆီ မရောက်ဖြစ်ကြတော့ဘူး။ ရုပ်ရှင်ဇာတ်ကားတွေကလည်း လူတွေကို လာကြည့်ဖို့ မဆွဲခေါ်နိုင်တော့ဘူး။ မျက်စိရှေ့မှောက်မှာတင် ပြိုကျပျက်စီးခဲ့ပေါ့။ လူတွေနည်းတူ လောကဓံရဲ့ ရိုက်ပုတ်မှု ဒဏ်ကို ခံရတဲ့အထဲ ရုပ်ရှင်ရုံတွေ၊ ရုပ်ရှင်ကားတွေလည်း ပါတယ်ဆိုတဲ့ သဘောပါပဲလေ။
ဖြစ်ရပ်မျိုးစုံ ပါဝင်ပြီးတော့ ရုပ်ရှင်ဇာတ်ကားတွေ ဆင့်ကဲပြောင်းလဲလာတဲ့အကြောင်းကိုမှ သိပ်ကို ကြည်နူးဖွယ်ရာ၊ ဝမ်းနည်းဖွယ်ရာ ရသအဖုံဖုံ လွှမ်းထုံထားတဲ့ အီတလီ ဂန္ထဝင်ရုပ်ရှင်တစ်ကား ရှိတယ်။ ရုပ်ရှင်နာမည်က ‘Cinema Paradiso’ တဲ့။ ရုပ်ရှင်နာမည်ကိုက စိတ်ဝင်စားဖို့ကောင်းသလို ဇာတ်လမ်းလေးကလည်း သဘောကျဖို့ကောင်းတယ်။ ပြည်တွင်းပြည်မှ အသိအမှတ်ပြုခံရရုံသာမကဘဲ ဂုဏ်သိက္ခာရှိတဲ့ ရုပ်ရှင်ဆုတွေလည်း အများကြီး သိမ်းပိုက်ထားနိုင်သေးတယ်။
ဇာတ်လမ်လေးက ဒီလို။ ရောမမှာ နေတဲ့ Salvatore Di Vitta ဆိုတဲ့လူက နာမည်ကြီး ဒါရိုက်တာတစ်ယောက်ပါ။ အိမ်ပြန်နောက်ကျတဲ့ တစ်ညမှာ သူ့ကို သတင်းတစ်ခုက စောင့်နေတယ်။ ဒါက သူ့အမေ ဖုန်းဆက်တယ်၊ ချန်ခဲ့တဲ့ သတင်းက Alfredo ဆိုတဲ့လူ ဆုံးပါးသွားခဲ့တဲ့။ ဒီသတင်းကို ကြားလိုက်ပြီးတဲ့နောက် ပြန်မရောက်တာ နှစ်ပေါင်း ၃၀ ကြာခဲ့ပြီဖြစ်တဲ့ စီစလီက မွေးရပ်မြေရွာလေးမှာ ဖြတ်သန်းခဲ့ရတဲ့ အတိတ်ဖြစ်ရပ်တွေက သူ့မှတ်ဉာဏ်ထဲကို တားမရဆီးမရ ဝင်ရောက်လာခဲ့တော့ပါပဲ။ ကျန်တာကိုတော့ မပြောတော့ဘူး။ ပရိသတ်တွေပဲ ဇာတ်လမ်းထဲမှာ စီးမျောရင်း ခံစားကြည့်ပါလို့။
စာဖတ်ဝါသနာပါသူတွေက စာအုပ်ကောင်းတစ်အုပ်တွေ့ရင် အချင်းချင်း လက်တို့ပြီး ဝေမျှကြသလို ရုပ်ရှင်ပရိသတ်တစ်ယောက်ဖြစ်တဲ့ ကိုယ်ကလည်း ‘Cinema Paradiso’ ဆိုတဲ့ ရုပ်ရှင်ကားကောင်းတစ်ကား တွေ့ထားမို့ ဝါသနာတူချင်း လက်တို့လိုက်ပါတယ်။
