တရားရှုမှတ်တယ်ဆိုတာ နှလုံးအိမ်ကို သန့်ရှင်းရေးလုပ်တာပါ
•••••••••••••••••••••••••••••••••••••••••••••••••••••••••
တရားထိုင်တယ်ဆိုတာ နှလုံးအိမ်ကို သန့် ရှင်းရေးလုပ်တဲ့
အလုပ်လို့ ဆိုနိုင်ပါတယ်။
ဘာလို့လဲဆိုရင် တရားထိုင်တဲ့အချိန်မှာ သမထအာရုံနဲ့ ဝိပဿနာအာရုံတစ်ခုခုကို အာရုံပြုနေတော့
အကုသိုလ်တွေဝင်ခွင့်မရဘူး။ ရှုမှတ်နေရင်းက ဝင်လာခဲ့ရင်လည်း သတိကပ်ရှုမှတ်လိုက်တာနဲ့ ဖြစ် ကြောမရှည်တော့ဘူး။ အကုသိုလ်ဖြစ်စဉ်ဟာ ပြတ်တောက်သွားတယ်။ အဲဒီအချိန်မှာ ကုသိုလ်စိတ်တွေဖြစ်ပြီး အကုသိုလ်အညစ်အကြေးတွေ ကင်းစင်နေတယ်။ ဒါဆိုရင် နှလုံးအိမ်ဟာ သန့်ရှင်းသွားတာပေါ့။
စဉ်းစားကြည့်။ အမြဲတမ်း အညစ်အကြေးတွေ စွန်းပေနေတဲ့အရာတစ်ခုဟာ မဆေးမကြောဘဲထားရင် ညစ်ပတ်နေတာပဲ။ အဆင်းအားဖြင့် လည်း နှစ်သက်စရာမရှိ။ အနံ့အားဖြင့်လည်း နှစ်သက်စရာမရှိ။
ညစ်ပတ်တဲ့အရာဝတ္ထုပစ္စည်း ဟာ ကြာလာရင် စွန့်ပစ်လိုက်ရတယ်။ ထို့အတူ မိမိနှလုံးအိမ်မှာ ကုသိုလ်စိတ်မဟုတ်ရင် အကုသိုလ်စိတ်၊ တစ်ခုမဟုတ်ရင် တစ်ခုဖြစ်နေတာပဲ။ ကုသိုလ်စိတ်က ရေစင်နဲ့တူပြီး အကုသိုလ်စိတ် က အညစ်အကြေးနဲ့တူပါတယ်။
တစ်နေ့တစ်နေ့ ကုသိုလ်ဖြစ်တဲ့အချိန်နဲ့ အကုသိုလ်ဖြစ်တဲ့အချိန် ဘယ်အချိန်က ပိုများ သလဲ ဆန်းစစ်ကြည့်ပါ။ အာရုံတစ်ခုကို ကြိုက်နှစ် သက်ရင် လောဘ၊ မကြိုက်နှစ်သက်ရင် ဒေါသ၊ ဘာဖြစ်နေမှန်းမသိရင် မောဟ၊ ကျန်တဲ့အကု သိုလ်တွေဖြစ်ဖို့ အကြောင်းတရား တရားခံဟာ လောဘ၊ ဒေါသ၊ မောဟပါပဲ။
ပေးကမ်းစွန့်ကြဲချင်တာ အလောဘ၊ ကူညီ ထောက်ပံ့ချင်တာ အဒေါသ၊ ကြောင်းကျိုးပိုင်း ခြားအမှန်သိမြင်တာ ပညာ(အမောဟ)။ ဒါတွေက ကုသိုလ်ဖြစ်ဖို့ အကြောင်းရင်းတွေပါ။
တစ်နေ့တာအချိန် ကုသိုလ်အဖြစ်များသလား၊
အကုသိုလ်အဖြစ်များသလား။ အကုသိုလ်အဖြစ်များရင်တော့ နှလုံးအိမ်ဟာ အညစ်အကြေးတွေ စွန်းပေနေတာနဲ့ တူနေပြီ။ ဒါဆိုရင် စွန့်ပစ်လိုက် ရတော့မယ်။ မစွန့်ပစ်ချင်ရင် ဘာဝနာရေစင်နဲ့ ဆေး ကြောပေးရမယ်။ ဆေးကြောတယ်ဆိုတာ ကိုယ်ပြုဖူးတဲ့၊ သူတစ်ပါးကိုမထိခိုက်တဲ့၊ အပြစ် မရှိတဲ့ကုသိုလ်တွေကို အိပ်မပျော်ခင်၊ အိပ်ရင်း၊ ထိုင်ရင်း၊ ရပ်ရင်း၊ သွားရင်း၊ သတိရအောက်မေ့နေတာဟာ ဘာဝနာပါပဲ။
ကုသိုလ်အကြောင်း တွေးနေတော့ စိတ်ညစ်စရာ၊ အကုသိုလ်အကြောင်း မတွေးမိတော့ဘူး။ မတွေးမိတော့ မညစ်ပတ် တော့ဘူး။ မညစ်ပတ်တော့ လွှင့်ပစ်စရာမလိုတော့ဘူးပေါ့။ ဒါကြောင့် မိမိနှလုံးအိမ် သန့်ရှင်းဖြူစင်စေချင်တယ်ဆိုရင် နေ့စဉ် ဘာဝနာ တစ်ခုခုနဲ့ သန့်စင်ဆေးကြောပေးပါလို့
တိုက်တွန်းအပ်ပါတယ်....။
အရှင်ပညာသိရီ (မွန်ကျောင်းဆရာတော်)
