9 ပတ် - ဘာသာပြန်ပါ။

ကမ္ဘာပေါ်မှာ
လူတွေ တစ်ယောက်နဲ့ တစ်ယောက်
ဆက်သွယ်ပြောဆိုကြတဲ့ ဘာသာစကား
မျိုးကွဲပေါင်း ဘယ်လောက်အတိုင်းအတာ
ပမာဏအထိ ရှိနေလိမ့်မလဲဆိုတာ သူမသိဘူး။
နုံအလှတဲ့ သိုးတစ်ကောင်အတွက်တော့
သူ့ရဲ့ သိမှုတိုင်းဟာ အမြဲတမ်းလိုလို
အကန့်အသတ်တစ်ခုခု အတိအကျ
ရှိနေတတ်တယ်။ ဥပမာ - “ကျွန်မ ရှင့်ကို
ပြန်ချစ်ဖို့ လုံးဝ မဖြစ်နိုင်ပါဘူး” ဆိုတဲ့
စေတန်နတ်ဆိုးရဲ့ စကားကို လူယောက်ျား
တစ်ယောက်အနေနဲ့ ဘဝတစ်လျှောက်လုံး
နားလည်လက်ခံနိုင်ဖို့ရာ ခက်ခဲနေခဲ့သလိုမျိုးပေါ့။ အလိုမတူဘဲ မပွင့်ချင်တဲ့ ပန်းကလေး
တစ်ပွင့်ရဲ့ မာန်မာနအတွက် သူ့ဆီမှာ
တစ်စက်တစ်လေတောင်မှနာကျည်းစရာမရှိခဲ့။ ဒါပေမဲ့ သူ ငိုကြွေးခဲ့တယ်။
လူသားတစ်ယောက်ရဲ့ ခြေဖမိုးပေါ်
ပါးအပ်ခွင့်တောင် မရခဲ့တဲ့၊ ခံစားမှုအရာမှာ
နုံနည်း သိမ်ဖျင်းတယ်လို့ သတ်မှတ်ခံရတဲ့
သတ္တဝါတစ်ကောင်ရဲ့ ဝမ်းနည်းနာကျင်စွာ
နိမ့်ကျဖြစ်တည်ရခြင်းမျိုးနဲ့။
အဲဒီအခါမှာ သူ့ရဲ့ မျက်ရည်တွေဟာ
ရွက်ကြွေတောတစ်ခုလုံးကို ရှပ်တိုက်
ပြေးလွှားနေတဲ့ မိုးသက်လေပြင်းနဲ့အတူ
လွင့်ပါးသွားမယ်။ တောင်နံရံတွေဆီကနေ
ရိုက်ခတ်လွင့်ပျံ့လာတဲ့ အသံလှိုင်းတွေ
ကြားထဲမှာလည်း ယိမ်းထိုး လူးလွန့်နေမယ်။
ဒါပေမဲ့ မိန်းမစီးစက်ဘီး တစ်စီးရဲ့
လက်ကိုင်ပေါ်က စတစ်ကာလေးတစ်ခု
ဒါမှမဟုတ် ဆိတ်ဖလူးပန်းပင်ကလေးရဲ့
ရိုးတံပိန်ပိန်သေးသေးလေးတစ်ခု အစရှိတဲ့
မြေပြင်နဲ့ ပတ်သက်ဆက်နွယ်နေတဲ့
အရာရာ တိုင်းအပေါ်မှာ တစ်စက်ချင်းစီ
ကျရောက် စိုရွှဲသွားစေဖို့တော့
သူ လုံးဝ မမေ့လျော့ခဲ့။ ဒီလိုနဲ့ပဲ
အဆုံးသတ်မှာတော့ သူ့မျက်ရည်စက်နဲ့
ထိတွေ့သမျှတိုင်းဟာ “ချစ်တယ်”လို့
အဓိပ္ပာယ်ရတဲ့ ဘာသာစကားတိုင်းကို
ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုတတ်မြောက်
သွားကြပါလိမ့်မယ်။ သိပ်လှပတဲ့
ကြိယာဝိသေသနတွေ အပြည့်အသိပ်နဲ့ပါပဲ။
▫️ဆစ်ခ်▫️

image