#နိုင်ငံတကာသတင်း
◼ လူ၅၉ ဦး သေဆုံးခဲ့သည့် မြောက်မက်ဆီဒိုးနီးယား နိုက်ကလပ်မီးလောင်မှုအတွက် လူ ၁၅ ဦးကို ထိန်းသိမ်းထား
မြောက်မက်ဆီဒိုးနီးယားနိုင်ငံမှ နိုက်ကလပ်တစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ကာ လူ ၅၉ ဦး သေဆုံးခဲ့ပြီးနောက် ရဲတပ်ဖွဲ့က လူ ၁၅ ဦးကို ထိန်းသိမ်းထားကြောင်း တာဝန်ရှိသူများက ဘီဘီစီသတင်းဌာနကို ပြောကြားသည်။
ယင်းနိုင်ငံတွင် လူကြိုက်များသည့် ရက်ပ်အဆိုတော်နှစ်ဦးဖြင့်ဖွဲ့စည်းထားသော DNK အဖွဲ့ ဖျော်ဖြေပွဲအတွက် ကိုကာနီဒေသမှ Pulse နိုက်ကလပ်တွင် လူပေါင်း ငါးရာခန့် စုဝေးနေကြစဉ် ယမန်နေ့ နံနက်ဒေသစံတော်ချိန် ၂ နာရီခွဲတွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
တီးဝိုင်းအဖွဲ့ထဲမှတစ်ဦးသာအသက်ရှင်လွတ်မြောက်ခဲ့ပြီး ဆေးရုံတွင်ကုသမှုခံယူနေကြောင်း အစိုးရရှေ့နေများရုံးမှ ပြောခွင့်ရသူတစ်ဦးကပြောကြားပြီး စုစုပေါင်း လူ ၁၅၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မီးရှူးမီးပန်းများက မီးလောင်လွယ်သော မျက်နှာကျက်ကိုထိမှန်ရာမှ မီးစတင်လောင်ကျွမ်းခဲ့ကြောင်း ကနဦးအစီရင်ခံစာများကို0256ကိုးကား၍ ပြည်ထဲရေးဝန်ကြီး တိုစကော့ဗ်စကီး က ပြောကြားသည်။
ဘီဘီစီမှ အတည်ပြုထားသောရုပ်သံတွင် မျက်နှာကျက်ပေါ်လောင်နေသော မီးတောက်များကို ငြှိမ်းသတ်ရန် ကြိုးစားနေသူများကိုတွေ့ရကာ ကလပ်အတွင်းလူအပြည့်ရှိနေသေးပြီး ထွက်ခွာရမည့်အစား မီးငြှိမ်းသတ်ရန်ကြိုးပမ်းမှုကို လူအချို့ကစောင့်ကြည့်နေပုံရသည်။
ဖျော်ဖြေခွင့်အတွက်လိုင်စင်ထုတ်ပေးခဲ့သောဝန်ကြီးဌာနမှ အရာရှိကြီးများအပါအဝင် မီးလောင်မှုအတွက် တာဝန်ရှိသည်ဟု ယုံကြည်ရသော လူဆယ်ဦးအား ယာယီထိန်းသိမ်းခွင့်ထုတ်ပြန်ထားကြောင်း ပြောခွင့်ရသူ အာဆော့စကာက ပြောကြားသည်။
အဆိုပါနိုက်ကလပ်တွင် တရားဝင် လုပ်ငန်းလိုင်စင်မရှိကြောင်း ပြည်ထဲရေးဝန်ကြီး တိုစကော့ဗ်စကီး က ယမန်နေ့က ပြောကြားပြီးနောက် မီးလောင်မှုနှင့်ဆက်စပ်၍ အကျင့်ပျက်ခြစားမှု နှင့် လာဘ်ပေး လာဘ်ယူမှုများ ရှိခဲ့သလားဆိုသည်ကို ရဲတပ်ဖွဲ့က စုံစမ်းနေသည်။
မြို့တော် စကော့ပ်ဂျီ မှ မိုင်ပေါင်း ၆၀ ကွာဝေးသော မြို့နယ်မှ နိုက်ကလပ်သည် ယခင် က ကောဇောဂိုဒေါင်ဖြစ်ခဲ့ပြီး နိုက်ကလပ်အဖြစ် ပြုပြင်ထားခြင်းဖြစ် ကြောင်း ဒေသခံမီဒီယာများ က ဖော်ပြကြသည်။
နိုက်ကလပ်တွင် ဝင်ပေါက်တစ်ပေါက်သာ ရှိပြီး နောက်ဘက် က အပေါက်ကို သော့ခတ်ထားသဖြင့် အသုံးပြု၍မရကြောင်း ပြောရေးဆိုခွင့်ရှိသူ မစ္စက်အာဆော့ဗ်စကာက ပြောကြားသည်။
ကနဦး သွားရောက်စစ်ဆေးမှုများအရ ယင်းနေရာတွင် ချို့ယွင်းချက်များစွာ တွေ့ရှိရကြောင်း နှင့် မီးသတ်စနစ်နှင့် မီးထွန်းသည့်စနစ်များတွင် လိုအပ်ချက်များ ရှိနေသည်ကို တွေ့ရှိရကြောင်း အာဆော့ဗ်စကာက ဆက်ပြောသည်။
သတင်း-ရဲမင်း
ကိုးကား-BBC

