#ပြည်တွင်းသတင်း
◼ရွှေစာရံဘုရားဖူးယာဉ်တိမ်းမှောက် ခြောက်ဦးသေဆုံး၊ ခုနစ်ဦးဒဏ်ရာရ
မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်နှင့်ပုသိမ်ကြီးမြို့နယ်အစပ်ရှိ ရွှေစာရံ-ကျောက်ဆည်လမ်းမီးသွေးဖုတ်ရွာအနီး၌ ဘုရားဖူးယာဉ်တစ်စီးတိမ်းမှောက်မှု ယမန်နေ့(မတ် ၁၅ ရက်) ညနေပိုင်းတွင်ဖြစ်ပွားခဲ့ပြီး ကလေးသုံးဦးအပါအဝင် ခြောက်ဦးသေဆုံးကြောင်း လူမှုကူညီရေးအသင်းများထံမှသိရသည်။
အဆိုပါဘုရားဖူးယာဉ်ပေါ်တွင် လူ ၁၃ ဦးလိုက်ပါလာပြီး အမျိုးသားတစ်ဦး၊ အမျိုးသမီးနှစ်ဦးနှင့် ကလေးသုံးဦးသေ ဆုံးကြောင်း အခင်းဖြစ်ရာသို့သွားရောက်ကူညီခဲ့သည့် လူမှုကူညီရေးအသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
“ကလေးသုံးယောက်၊ လူကြီးနှစ်ယောက်အရင်ဆုံးတယ်။ ည ၁၂ နာရီကျော်လောက်က အမျိုးသမီးတစ်ယောက်ထပ်ဆုံးသွားတယ်။ ကျန်တဲ့လူနာတွေကတော့ ဒဏ်ရာအခြေ အနေသိပ်မဆိုးဘူး” ဟု ၎င်းကပြောသည်။
အဆိုပါမော်တော်ယာဉ်ပေါ်တွင်လိုက်ပါလာသူများသည် ပြင်ဦးလွင်မြို့တွင် နေထိုင်သူများဖြစ်ပြီး ရွှေစာရံဘုရားဖူးအပြန်တွင် (အုန်းချော) မန္တလေး-ပြင်ဦးလွင်လမ်းဘက်သို့မထွက်ဘဲ လုံထိန်းကွေ့မှကျောက်ဆည်လမ်း ဒုဌဝတီမြစ်ကူးတံတားသို့လမ်းမှားထွက်မိခြင်းကြောင့် ကားနောက်ပြန်ဆုတ်ရာမှ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း လူမှုကယ်ဆယ်ရေးအသင်းများထံမှသိရသည်။
လက်ရှိတွင်ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးခဲ့သူများကို နေရပ်ပြန်လည်ပို့ဆောင်နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း လူမှုကူညီရေးအသင်းများထံမှသိရသည်။
သတင်း - နေသစ်ဦး
ဓာတ်ပုံ - သန္တိသုခ လူမှုကူညီရေးအသင်း
