9 w - Translate

အမရပူရမြို့ပြစီမံကိန်းဧရိယာအတွင်းရှိ မြေ ၇၁၆.၆၁ ဧကကို လာရောက် ရောင်းချ/လဲလှယ်ရန် ကြေညာထား
ရန်ကုန်၊ မတ် ၁၇
အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းဧရိယာအတွင်းက မြေ (၇၁၆.၆၁) ဧကမှာ လုပ်ကိုင်ခွင့်ရရှိသူတွေကို စိုက်ပျိုးလုပ်ကိုင်ခွင့် စာရွက်စာတမ်းမူရင်းတွေနဲ့ လာရောက်ရောင်းချခြင်း (သို့မဟုတ်) မြို့မြေကွက်တွေနဲ့ လာရောက်လဲလှယ်ဖို့ စီမံကိန်းအထောက်အကူပြုကော်မတီက ကြေညာထားပါတယ်။
စီမံကိန်းဧရိယာအတွင်းက ကွင်းအမှတ် ၆၀၃၊ ၆၀၄၊ ၆၀၅-က၊ ၆၀၅၊ ၆၀၆-က၊ ၆၀၆၊ ၆၀၇၊ ၆၀၈၊ ၆၀၉၊ ၆၁၁ (ရွှေကြက်ယက်)က စိုက်ပျိုးမြေတွေကို မြေပိုင်ရှင် (၅၄၇) ဦးက ပုံစံ(၇) ကိုင်းမြေအဖြစ် လုပ်ကိုင်ခွင့်ရရှိထားတယ်လို့ ဆိုပါတယ်။
စိုက်ပျိုးလုပ်ကိုင်ခွင့်ရရှိသူတွေအနေနဲ့ မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး သတ်မှတ်နှုန်းထားငွေကြေး၊ ဒါမှမဟုတ် စီမံကိန်းစာချုပ်ပါအတိုင်း စီမံကိန်းမှ ပေါ်ထွက်လာမယ့် မြို့မြေကွက်တွေကို ရယူ/ထုတ်ယူကြဖို့ အသိပေးထားပါတယ်။
နောက်ဆုံးသတ်မှတ်ရက်ထက် ကျောက်လွန်ပါက စီမံကိန်းမြို့မြေအဖြစ် လာရောက်တင်ပြလဲလှယ်ဖို့ ကျန်ရှိတဲ့ ပုံစံ (၇) ကိုင်းမြေ စိုက်ပျိုးလုပ်ကိုင်ခွင့်တွေကို ပယ်ဖျက်ရုပ်သိမ်းသွားမယ်လို့ သိရပါတယ်။
ကော်မတီအနေနဲ့ ကိုင်းမြေစိုက်ပျိုးလုပ်ကိုင်ခွင့်ရရှိသူတွေကို မြေ ၁ ဧကအတွက် ကျပ်သိန်း ၁၅၀၀၊ မြေခွင်ပြေစာနဲ့ မြေနုစိုက်ပျိုးလုပ်ကိုင်ခွင့်ပါ မြေ ၁ ဧကကို ကျပ်သိန်း ၇၅၀ နှုန်းနဲ့ သတ်မှတ်ဝယ်ယူနေတာပါ။
ဒါ့အပြင် စီမံကိန်းဧရိယာအတွင်း မြို့မြေကွက်တွေနဲ့ စာချုပ်ပါအတိုင်း လဲလှယ်ပေးတာမျိုးလည်း ရှိနေပြီး လက်ရှိမှာ စီမံကိန်းဧရိယာရဲ့ ၈၀ ရာခိုင်နှုန်းခန့်ကို ဆောင်ရွက်ပြီးမြောက်ခဲ့ပြီလို့ သိရပါတယ်။
မြေ ၂၅၀၀ ဧကပေါ်မှာ အကောင်အထည်ဖော်မယ့် အမပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီနဲ့ Mandalay Business Capital City Development ltd., တို့က ပူးပေါင်းဖော်ဆောင်ဖို့ ၂၀၁၆ ခုနှစ်မှာ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။
၂၀၁၇ ခုနှစ်မှာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ရဲ့ ခွင့်ပြုချက်ကို ရရှိခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း ဧရိယာအတွင်းက စီမံကိန်းနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ လုပ်ငန်းတွေ ဆောင်ရွက်ခွင့်မရှိကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
သတင်း - BETV Business

image