#ယနေ့ထုတ်သတင်းစာ_သတင်း
◼ နေရပ်ပြန်ရန် အခက်အခဲကြုံနေသည့် သင်္ဘောသားများအား MSF ကူညီမည်
အကြောင်းအမျိုးမျိုးကြောင့်မြန်မာနိုင်ငံသို့ပြန်လာရန်အခက်အခဲ ကြုံနေသည့်မြန်မာသင်္ဘောသားများအား မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ် (MSF) က ကူညီသွားမည်ဖြစ်ကြောင်း သိရသည်။
သင်္ဘောများပေါ်တွင် တာဝန်ထမ်းဆောင်ရင်း အကြောင်းအမျိုးမျိုးကြောင့် ထိန်းသိမ်းခံထားရသည့်သင်္ဘောသားများ၏ မိသားစုများအနေဖြင့် မည်သည့်နိုင်ငံ၊ မည်သည့်ဆိပ်ကမ်းတွင် ထိန်းသိမ်းခံထားရပြီး မိခင်မြန်မာနိုင်ငံသို့ ပြန်လာရန်အခက်အခဲကြုံတွေ့နေရခြင်း၊ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရခြင်း စသည့်ဖြစ်စဉ်များကြောင့် ပြန်လာရန်အခက်အခဲရှိနေသူများအား အကြောင်းကြားရန် (MSF) က အသိပေးထားသည်။
မြန်မာနိုင်ငံသို့ ပြန်လာရန် အခက်အခဲကြုံတွေ့နေရသည့်မြန်မာ သင်္ဘောသားမိသားစုများအနေဖြင့် သင်္ဘောသားအမည်၊ CDC နံပါတ်၊ Passport နံပါတ်၊ သင်္ဘောအချက်အလက်၊ မြန်မာနိုင်ငံတွင်ရှိသည့် ဒေသခံကိုယ်စားလှယ်အမည်နှင့် ရုံးလိပ်စာ၊ နိုင်ငံခြားတွင်ရှိသည့် သင်္ဘောပိုင်ရှင်အမည်နှင့် ရုံးလိပ်စာတို့ကို MSF ထံ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အထိန်းသိမ်းခံရသည့် အကြောင်းရင်းနှင့်နေရာ၊ ဒီလိုထိန်းသိမ်းခံရသည့်အပေါ် ဒေသခံကိုယ်စားလှယ်က ဆောင်ရွက်ထားခြင်းရှိမရှိ၊ ရှိခဲ့ပါက မည်သို့ဆောင်ရွက်ထားကြောင်း အချက်အလက်များကို အထောက်အထားနှင့်တကွ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
