နိုင်ငံတကာလုံခြုံရေးကို တိုးမြှင့်ရန်အတွက် ဂရင်းလန်းကျွန်းကို အမေရိကန်၏ထိန်းချုပ်မှုသည် မရှိမဖြစ်လိုအပ် သည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က နေတိုးအဖွဲ့အတွင်းရေးမှူးချုပ် မာ့ခ်ရူတီကို ပြောကြားခဲ့ပြီး မဟာ ဗျူဟာမြောက်အာတိတ်ကျွန်းကို သိမ်းပိုက်ရန်အတွက် ၎င်း၏လှုပ်ရှားမှုကို ပိုမိုအရှိန်မြှင့်ခဲ့ကြောင်း သိရသည်။
ဒေါ်နယ်ထရမ့်က “နိုင်ငံတကာလုံခြုံရေးကို တိုးမြှင့်ဖို့အတွက် ဂရင်းလန်းကျွန်းကို အမေရိကန်က ထိန်းချုပ်ဖို့ လိုအပ်ပါတယ်” ဟု ပြောခဲ့သည်။ ထို့ပြင် ဂရင်းလန်းကျွန်းကို သိမ်းပိုက်မည့်အလားအလာများနှင့်ပတ်သက်ပြီး သတင်းထောက်များ၏မေးခွန်းများကို ဒေါ်နယ်ထရမ့်က တုံ့ပြန်ဖြေကြားခဲ့ကြောင်းလည်း သိရသည်။
ဒေါ်နယ်ထရမ့်က “ဂရင်းလန်းကျွန်းကို သိမ်းပိုက်မှုဖြစ်လာလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ပြောခဲ့သည်။
ဒေါ်နယ်ထရမ့်သည် ပြီးခဲ့သည့်ဇန်နဝါရီလ(၂၀)ရက်တွင် အမေရိကန်သမ္မတအဖြစ် စတင်တာဝန်ယူချိန်မှစတင်ပြီး ဂရင်းလန်းကျွန်းကို အမေရိကန်၏ သိမ်းပိုက်မှုအား အဓိကအချက်တစ်ချက်အဖြစ် ဖော်ပြပြောဆိုခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ဒေါ်နယ်ထရမ့်သည် ဂရင်းလန်းကျွန်းကို သိမ်းပိုက်ရန်ကြိုးပမ်းမှုတွင် နေတိုးအဖွဲ့ကို ပါဝင်စေလိုကြောင်း လည်း အကြံပြုပြောခဲ့သည်။ ဒေါ်နယ်ထရမ့်၏ ပြောဆိုချက်များနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန်တောင်းဆိုမှုများကို နေတိုးအဖွဲ့နှင့် အမေရိကန်ရှိ ဒိန်းမတ်သံရုံးတို့က ချက်ချင်းပြန်လည်တုံ့ပြန်ဖြေကြားခြင်းမျိုး မရှိသေးကြောင်း သိရသည်။
