#နိုင်ငံတကာသတင်း
◼မော်စကို အား ယူကရိန်း၏ အကြီးမားဆုံးဒရုန်းတိုက်ခိုက်မှုတွင်လူတစ်ဦးသေဆုံး၊
လေကြောင်းနှင့် ရထားခရီးစဉ်များ ပြတ်တောက်
မော်စကိုအားပစ်မှတ်ထား၍ ၎င်းတို့၏အကြီးမားဆုံးဖြစ်ဖွယ်ရှိသည့် ဒရုန်းတိုက်ခိုက်မှုကို ယူကရိန်းကယနေ့နံနက်အစောပိုင်းတွင်ဖော်ဆောင်ခဲ့ရာအနည်းဆုံးလူတစ်ဦးသေဆုံးခဲ့ပြီး မီးလောင်မှုများလည်းဖြစ်ပေါ်ခဲ့ကာလေကြောင်းနှင့်ရထားသယ်ယူပိုဆောင်ရေးလုပ်ငန်းများကို ဆိုင်းငံ့ခဲ့ရကြောင်း ရုရှားတာဝန်ရှိသူများက ပြောကြားကြသည်။
ယနေ့ နံနက် ၄ နာရီတွင် မော်စကိုမြို့နှင့် မော်စကိုဒေသကို ဒရုန်းဖြင့်တိုက်ခိုက်မှုများ စတင်ဖြစ်ပေါ်ခဲ့ကြောင်းနှင့် လက်ရှိအချိန်အထိ လူတစ်ဦးသေဆုံးကာ သုံးဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု သိရှိရကြောင်း မော်စကိုဒေသအုပ်ချုပ်ရေးမှူး အန်ဒရေး ဘိုရိုဗရော့ က ပြောကြားသည်။
တစ်ကြိမ်ပြီးတစ်ကြိမ် ရောက်ရှိလာသော ဒရုန်းများအနက် အနည်းဆုံး ဒရုန်း ၆၉ စင်းကို ပစ်ချခဲ့ကြောင်း မော်စကိုမြို့တော်ဝန် ဆာဂေးဆိုဗျာနင် က ပြောကြားသည်။
မော်စကိုမြို့နှင့်အနီးဒေသတွင် အနည်းဆုံး လူပေါင်း ၂၁ သန်း မှီတင်းနေထိုင်ပြီး အစ္စဘူလ်မြို့နှင့်အတူ ဥရောပတွင် အကျယ်ပြန်ဆုံးမြို့ပြဧရိယာများတွင် ပါဝင်ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုများ ဖြစ်ပေါ်ပြီးနောက် လေကြောင်းလုံခြုံမှုရှိရေးသေချာစေရန် မော်စကိုမြို့ရှိ လေဆိပ်လေးခုစလုံးတွင် လေယာဉ်ခရီးစဉ်များကို ဆိုင်းငံ့ထားခဲ့ကြောင်း ရုရှား လေ ကြောင်းပျံ သန်းမှုထိန်းချုပ်ရေးအဖွဲ့ က ပြောကြားသည်။ မော်စကိုမြို့အရှေ့ဘက်တွင် ရှိသော အခြား လေဆိပ်နှစ်ခုကိုလည်း ပိတ်ထားခဲ့ကြောင်း သိရသည်။
တိုက်ခိုက်မှုတွင်အနည်းဆုံး တိုက်ခန်းတွဲ ခုနှစ်ခု ပျက်စီးခဲ့ကြောင်း နှင့် ကရင်မလင်မှ ကီလိုမီတာ ၅၀ ကွာဝေးသော မော်စကိုအရှေ့တောင်ဘက် ရာမင်စကိုယီ ခရိုင်တွင် အထပ်မြင့်အဆောက်အအုံတစ်ခုတွင် နေထိုင်သူများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း မော်စကိုဒေသအုပ်ချုပ်ရေးမှူး ဘိုရိုဗရော့က က ပြောကြားသည်။
မော်စကို တောင်ဘက် ၃၅ ကီလိုမီတာဝေးသော ဒိုမိုဒီဒိုဗို ခရိုင်တွင် ဒရုန်းအပိုင်းအစများ ကျရောက်မှုကြောင့် ရထားလမ်းအခြေခံအဆောက်အအုံများ ပျက်စီးခဲ့ကြောင်း ရုရှား RIAသတင်းဌာနက ဖော်ပြသည်။
မော်စကိုဒေသအရှေ့တောင်ဘက် ရာဇန်ဒေသ နှင့် ယူကရိန်းနှင့်ကပ်လျက် ဘယ်လ်ဂိုရော့ဒေသ များတွင်လည်း ဒရုန်းတိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း ယင်းဒေသအုပ်ချုပ်ရေးမှူးများက ပြောကြားကြသည်။
သုံးနှစ်ကြာ စစ်ပွဲအားအဆုံးသတ်ရန် အမေရိကန်နိုင်ငံက တွန်းအားပေးနေစဉ် အဆိုပါ တိုက်ခိုက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
Reuters
