*ပြည်သူ့လွတ်လပ်ခွင့် ကင်းမဲ့သော ဒီမိုကရေစီ
အချို့တိုင်းပြည်များတွင် ရွေးကောက်ပွဲများ အခါအားလျော်စွာ ကျင်းပသည်။ ပြည်သူများအနေနှင့်လည်း မိမိတို့အား အုပ်စိုးမည့်သူများကို မိမိတို့ကိုယ်တိုင် ရွေးချယ် ပေးရသည်ဟု ထင်ရစရာရှိသည်။ သို့သော် အစိုးရယန္တရား၏ လုပ်ဆောင်ချက်တွေသည် အများဆန္ဒမှ မလာ။ ပွင့်လင်းမြင်သာမှုလည်း မရှိ။ အာဏာသည် မည်သူတို့ လက်တွင် အမှန်တကယ်ရှိနေပြီး၊ ၎င်းတို့ ဘာတွေ လုပ်ကိုင်နေကြသည်ကိုပြည်သူတို့သိခွင့်မရကြ။ မကျေနပ်သည်များ ရှိလျှင်လည်း ဝေဖန်ထောက်ပြခွင့် မရကြ။
ထိုတိုင်းပြည်များတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ဟူသည်များလည်း ရှိ၍ ၎င်း၌ အစိုးရ အာဏာကို မည်သို့ ကန့်သတ်ခန့်ခွဲထားကြောင်းများလည်း ပါရှိတတ်သည်။ ထို့ပြင်ပြည်သူ တို့၏ မူလအခွင့်အရေးဟု ခေါ်ဝေါ်လေ့ရှိသည့် တစ်ဦးချင်းသော နိုင်ငံသားတို့၏ ရပိုင်ခွင့်၊ လွတ်လပ်ခွင့်များကိုလည်းအတိအလင်း ထည့်သွင်း ဖော်ပြထားတတ်ကြသည်။ သို့သော် ထိုအခွင့်အရေး များသည် စာအုပ်ထဲတွင်သာရှိပြီး၊ ပြည်သူတို့ တကယ်လက်တွေ့ ခံစား နိုင်ခြင်းမရှိကြ။ အကြောင်းက အဆိုပါအခွင့်အရေးများကို သုံးစွဲမည့် ပြည်သူတို့အား တရားဥပဒေက ကာကွယ် စောင့်ရှောက်ပေးနိုင်သော အနေအထား မရှိခြင်းကြောင့်ဖြစ်သည်။
ထို့ကြောင့် ၎င်းတိုင်းပြည်များသည် အုပ်စိုးသူတို့က မိမိတို့ဘာသာ ဒီမိုကရေစီဟု ကင်ပွန်းတပ်ခြင်းကြောင့် ဖြစ်စေ၊ အများပြည်သူတို့ဆန္ဒမဲပေး ရွေးချယ်လိုက်သူတို့ အစိုးရ အာဏာရရှိခဲ့ခြင်းကြောင့်ဖြစ်စေ ဒီမိုကရေစီ စာရင်းတွင် ထည့်သွင်းကြသော်လည်း ဒီမိုကရေစီ စစ်စစ်များဟုကားများနှင့် တွဲဖက်ကာ၊ ပြည်သူ့ လွှတ်တာသေသန(illiberal democracy)၊ အတုအယောင် ဒီမိုကရေစီ၊ (pseudo- democracy) (virtual democracy)၊ တစ်ဝက်တစ်ပျက် ဒီမိုကရေစီ (semi-democracy) (partial democracy)၊ အနှစ်သာရမပါသည့် ဗလာ ဒီမိုကရေစီ (empty democracy)၊ ဒီမိုကရေစီနှင့် အာဏာပိုင်စနစ် ပူးတွဲထားသည့် စပ်ကြား အစိုးရစနစ် (hybrid regime) စသဖြင့် အမျိုးမျိုး အပြားပြား ခေါ်ဝေါ်ကြသည်။
# ဆက်ရန်ရှိ