10 ပတ် - ဘာသာပြန်ပါ။

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ စပေ့စ်ဆက်၏ Starship အာကာသယာဉ် ကာရစ်ဘီယံဒေသအထက်၌ ပေါက်ကွဲပျက်ကျ
အမေရိကန်ပြည်ထောင်စုအခြေစိုက် စပေ့စ်ဆက်အာကာသနည်းပညာကုမ္ပဏီသည် Starship အာကာသယာဉ်ကို မတ် ၆ ရက်တွင် အဋ္ဌမအကြိမ်မြောက်အဖြစ် စမ်းသပ်လွှတ်တင်ခဲ့ကြောင်း သိရသည်။
Starship အာကာသယာဉ်အဋ္ဌမအကြိမ် စမ်းသပ်လွှတ်တင်မှုတွင် အာကာသယာဉ်၏ပင်မကိုယ်ထည်မှာ ပစ်စင်ရှိရာသို့ တိကျစွာ ပြန်လည်ဆင်းသက်နိုင်ခဲ့သော်လည်း ထိပ်ဖူးအဆင့်ဒုံးယာဉ်မှာလွှတ်တင်ပြီး မကြာမီမှာပင် ကာရစ်ဘီယံဒေသအထက် လေထုအတွင်းပေါက်ကွဲခဲ့ရသည်။
ယခုနှစ်ဇန်နဝါရီလအတွင်း ပြုလုပ်ခဲ့သော Starship အာကာသ ယာဉ် သတ္တမမြောက်စမ်းသပ်လွှတ်တင်မှုတွင်လည်း ထိပ်ဖူးအဆင့်ဒုံးယာဉ်မှာ အတ္တလန္တစ်သမုဒ္ဒရာဒေသအထက် လေထုလွှာအတွင်း ပေါက်ကွဲခဲ့ရသည်။
ကိုယ်ထည်အလျား ၄ဝ၃ ပေရှိသော Starship အာကာသယာဉ် သည် Starship အမည်ရှိ ထိပ်ဖူးအဆင့်ဒုံးယာဉ်နှင့်စူပါဟဲဗီးအမည်ရှိပင်မဒုံးယာဉ်တို့ကို ပေါင်းစပ်ထားခြင်းဖြစ်သည်။
စပေ့စ်ဆက် ကုမ္ပဏီသည် အင်္ဂါဂြိုဟ်နှင့်လကမ္ဘာပေါ်သို့လူသားများ ပို့ဆောင်ရေးအတွက် Starship အာကာသယာဉ်များကို တည် ဆောက်စမ်းသပ်နေခြင်းဖြစ်သည်။
မတ် ၆ ရက်တွင်ပစ်လွှတ်ခဲ့သော Starship အာကာသယာဉ်၏ ထိပ်ဖူးအဆင့်ဒုံးယာဉ်သည် လွှတ်တင်ခဲ့ပြီး ကိုးမိနစ်ကျော်အကြာတွင် ကာရစ်ဘီယံဒေသအထက်၌ ပေါက်ကွဲခဲ့ပြီး ဘဟားမားကျွန်းစုဒေသပေါ်သို့ ဒုံးပျံယာဉ်အပျက်အစီးများ ကျရောက်ခဲ့ကြောင်း သိရသည်။
သို့ရာတွင် Starship ၏ ပင်မဒုံးယာဉ်မှာ လွှတ်တင်ပြီး ရှစ်မိနစ်ခန့်အကြာတွင် တက္ကဆက်ပြည်နယ်တောင်ပိုင်း စတားဘေ့စ်အာကာသစခန်းရှိ ပစ်စင်ရှိရာသို့တိကျစွာဆင်းသက်ခဲ့ရာ ဒုံးပစ်စင်၏ စက်လက်တံများက ဒုံးယာဉ်ကိုဖမ်းထိန်းထားနိုင်ခဲ့သည်။
စပေ့စ်ဆက် ကုမ္ပဏီသည် မတ် ၆ ရက် အဋ္ဌမအကြိမ်စမ်းသပ် လွှတ်တင်မှုတွင် Starship အာကာသယာဉ်ဖြင့် ကမ္ဘာအားတစ်ပတ်အပြည့်နီးပါးလှည့်ပတ်၍ အိန္ဒိယသမုဒ္ဒရာဒေသ အထက်၌ လေထုလွှာအတွင်း ပြန်လည်ဝင်ရောက်ရန် စီစဉ်ခဲ့ခြင်းဖြစ်သော်လည်း Starship ထိပ်ဖူးယာဉ်ပေါက်ကွဲခဲ့ရခြင်းဖြစ်သည်။
ရိုက်တာ

image