ကျွန်တော်တို့ရဲ့ မနက်စာ ပေါင်မုန့်ပေါ်မှာပဲဖြစ်ဖြစ်၊ လက်ဖက်ရည်ထဲမှာပဲဖြစ်ဖြစ်၊ ပျားရည်ဟာ ချိုမြိန်ပြီး အရသာရှိတဲ့ သဘာဝရဲ့ လက်ဆောင်တစ်ခု ဖြစ်ပါတယ်။
ဒါပေမယ့် ဒီပျားရည် ရွှေရည်လေး တစ်စက်၊ တစ်ဇွန်းရဲ့ နောက်ကွယ်မှာ မယုံနိုင်လောက်စရာ ပင်ပန်းမှုတွေ၊ ဘဝပေါင်းများစွာရဲ့ စွန့်လွှတ်မှုတွေ ရှိနေတယ်ဆိုတာ သင်သိပါသလား...?
ပျားရည်ထုတ်လုပ်တဲ့ ပျားလုပ်သားလေးတွေဟာ အများအားဖြင့် အမတွေဖြစ်ပြီး၊ သူတို့ရဲ့ သက်တမ်းဟာ ပျမ်းမျှ ရက် ၃၀ ကနေ ၆၀ လောက်ပဲ ရှိပါတယ်။ ဒီတိုတောင်းလှတဲ့ ဘဝလေးမှာ သူတို့ဟာ မနားမနေ အလုပ်လုပ်ကြပါတယ်။
ပျားအုံကို သန့်ရှင်းရေးလုပ်တာ၊ ပျားလောင်းလေးတွေကို ပြုစုစောင့်ရှောက်တာ၊ ပျားအုံကို ကာကွယ်တာ စတဲ့ အ လုပ်တွေအပြင်၊ အဓိက တာဝန်ကြီးတစ်ခုကတော့ ဝတ်ရည် နဲ့ ဝတ်မှုန်တွေကို ရှာဖွေစုဆောင်းဖို့ပါပဲ။
ပျားလုပ်သားလေးတစ်ကောင်ဟာ တစ်နေ့ကို ပန်းပွင့်ပေါင်း ၅,၀၀၀ ကနေ ၇,၀၀၀ အထိ ဝတ်မှုန်ကူးပေးနိုင်ပါတယ်။ ဒါဟာ သူ့ရဲ့ တိုတောင်းလှတဲ့ ဘဝသက်တမ်းမှာ ပန်းပွင့်ပေါင်း သိန်းနဲ့ချီပြီး ရောက်ရှိလည်ပတ်တာ ဖြစ်ပါတယ်။
ပျားလေးဟာ ပန်းပွင့်တွေဆီကနေ ဝတ်ရည် ကို စုပ်ယူပြီး သူ့တို့ရဲ့ ဝမ်းဗိုက်အတွင်းမှာရှိတဲ့ သီးခြားပျားရည်အိတ် ထဲမှာ သယ်ဆောင်လာပါတယ်။ ပျားအုံကို ပြန်ရောက်တဲ့အခါမှာတော့ ဒီဝတ်ရည်တွေကို တခြား ပျားလုပ်သားလေးတွေဆီ လက်ဆင့်ကမ်းပေးပါတယ်။
လက်ဆင့်ကမ်းရရှိတဲ့ ဝတ်ရည်တွေကို ပျားအုံထဲက ပျားလုပ်သားလေးတွေက ထပ်ခါထပ်ခါ မျိုချလိုက်၊ ပြန်အန်ထုတ်လိုက် လုပ်ကြပါတယ်။
ဒီဖြစ်စဉ်အတွင်းမှာ ဝတ်ရည်ထဲမှာပါတဲ့ ရှုပ်ထွေးတဲ့ သကြား (complex sugars) တွေကို ဂလူးကို့စ် (glucose) နဲ့ ဖရပ်တို့စ် (fructose) လိုမျိုး ရိုးရှင်းတဲ့ သကြားတွေအဖြစ် ပြောင်းလဲပေးတဲ့ အင်ဇိုင်း (enzymes) တွေ ထုတ်လွှတ်ပါတယ်။
ဒါ့အပြင် ပျားတွေဟာ သူတို့ရဲ့ အတောင်ပံလေးတွေကို ခတ်ပြီး ဝတ်ရည်ထဲက ပိုလျှံနေတဲ့ ရေတွေကို အငွေ့ပျံစေပါတယ်။ ဒီလိုနဲ့ တဖြည်းဖြည်း ဝတ်ရည်ဟာ ပျစ်ခဲချိုမြိန်တဲ့ ပျားရည်အဖြစ် ပြောင်းလဲလာပါတယ်။
ဒါပေမယ့် ဒီလို ပျားရည်ဖြစ်လာဖို့ ပျားလေးတွေ ဘယ် လောက်တောင် ပင်ပင်ပန်းပန်း လုပ်ရသလဲဆိုတာ သိဖို့ အရေးကြီးပါတယ်။
ပျားလုပ်သားတစ်ကောင်ဟာ သူ့တစ်ဘဝလုံးမှာ ပျားရည် လက်ဖက်ရည်ဇွန်းရဲ့ ၁/၁၂ ဇွန်း (တစ်ဆယ့်နှစ်ပုံ တစ်ပုံ) လောက်ပဲ ထုတ်လုပ်နိုင်ပါတယ်။ ဆိုလိုတာက ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ ရဖို့ဆိုရင် ပျား ၁၂ ကောင်လောက်ရဲ့ ဘဝတစ်ခုလုံးစာ ကြိုးစားအားထုတ်မှု လိုအပ်တာပါ။
ဒါကြောင့် နောက်တစ်ကြိမ် ပျားရည်ကို သုံးဆောင်တဲ့အခါ၊ ဒီရွှေရောင်အရည်လေးဟာ သင့်အတွက်တော့ အနည်းငယ်မျှသာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့်၊ ပျားလေးတွေအတွက်တော့ သူတို့ရဲ့ ဘဝတစ်ခုလုံးစာ ကြိုးပမ်းမှုရဲ့ အသီးအပွင့်ဖြစ်တယ်ဆိုတာကို အမှတ်ရလိုက်ပါ။
ပျားလေးတွေရဲ့ ကျေးဇူးကြောင့် ရရှိလာတဲ့ ဒီသဘာဝရဲ့ လက်ဆောင်ကို တန်ဖိုးထားသုံးစွဲရင်း၊ ပျားလေးတွေနဲ့ သူတို့ရှင်သန်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ပန်းပွင့်လေးတွေကိုပါ ထိန်းသိမ်းစောင့်ရှောက်ဖို့ မမေ့ကြပါနဲ့။
ပျားတွေမရှိရင် ပျားရည်ဆိုတာလည်း ရှိလာမှာ မဟုတ်သလို၊ ကျွန်တော်တို့ရဲ့ ဂေဟစနစ်ကြီးတစ်ခုလုံးလည်း ထိခိုက်ပျက်စီးသွားနိုင်ပါတယ်။
#knowledge
