19 w - Translate

လုပ်သင့်တာကို လုပ်
-----------------------
တစ်နေ့တွင် မြည်းတစ်ကောင်သည် မြက်ခြောက်တွေကို စားနေသည်။
ကျားသစ်က ဖြတ်သွားဖြတ်လာ မြည်းကိုတွေ့သည့်အခါ မေးကြည့်လိုက်သည်။
“ဟေ့မြည်း … ဟိုဘက်မှာ မြက်နုတွေက စိမ်းနေတာပဲ … ဘာဖြစ်လို့များ မြက်ခြောက်တွေကို စားနေရတာလဲ။ စိမ်းနေတာတွေကို စားရောပေါ့”
ကျားသစ်ပြောတာမှန်သည်။ အနီးနားကွင်းပြင်တွင် စိမ်းစိုသော မြက်တို့ရှိနေသည်။
မြက်ခြောက်တွေကို ဝါးနေသော မြည်းက ကျားသစ်ကို ပြန်ပြောသည်
“ဟေ့ကောင် … မင်းပြောတဲ့ မြက်တွေက အစိမ်းရောင်မဟုတ်ဘူး … အပြာရောင်တွေ”
ကျားသစ်က အံ့အားသင့်စွာဖြင့်
“မြည်းရာ မင်းလည်း နေ့တိုင်း မြက်တွေကို စားနေတာပဲ။ မြက်မှာ အပြာရောင်ဆိုတာ ရှိလို့လားကွာ။ မြက်ဆိုတာ အစိမ်းရောင်ပဲ မဟုတ်လား”
“အပြာကွ”
“အစိမ်းကွ”
“အပြာ”
“အစိမ်း”
တိရစ္ဆာန်နှစ်ကောင် ငြင်းခုံနေမှုက ပိုပြီးပြင်းထန်လာသည်။ နှစ်ကောင်စလုံး အပြာနှင့် အစိမ်းဇာတ်လမ်းသည် ပြီးဆုံးနိုင်တော့မည်မဟုတ်။ ထို့ကြောင့် နောက်ဆုံးတွင် တောဘုရင် ခြင်္သေ့ထံ အဆုံးအဖြတ်ခံယူရန် သွားကြ လေတော့သည်။
“အရှင် … မြက်ကို ကျွန်တော်မျိုးက အစိမ်းဟုပြောသည်။ မြည်းက အပြာဟု ငြင်းသည်။ အရှင်က အမှန်အတိုင်း အဆုံးအဖြတ် ပေးစေချင်ပါသည်။
“မြက်ဆိုတာ အပြာရောင်မဟုတ်ပါလားအရှင်”
ခြင်္သေ့က မြည်းနှင့် ကျားသစ်တို့၏ စကားကို နားထောင်သည်။ ထို့နောက် ခြင်္သေ့က
“မြည်းပြောတာ မှန်တယ် … မြက်က အပြာရောင်” ဟု အဆုံးအဖြတ်ပေးလိုက်လေတော့သည်။
ကျားသစ်က အံ့အားလည်းသင့်၊ ဒေါသလည်းထွက်သွားသည်။
ခြင်္သေ့က ကျားသစ်ကို
“မဟုတ်မမှန် ပြောဆိုသည့် ကျားသစ်ကို ကြိမ်ဒဏ်ပေးစေ” ဟုလည်း အမိန့်ချသည်။
ကြိမ်ဒဏ်လည်းခံ၊ မြည်းလည်း ပြန်သောအခါမှ ကျားသစ်က ခြင်္သေ့ကို ပြောသည်။
“အရှင် … မြက်ဆိုသည်မှာ အစိမ်းရောင်ဆိုသည်ကို အရှင်လည်း သိပါလျက် အဘယ်ကြောင့် အပြာရောင်ဟု ဆုံးဖြတ်ကာ ကျွန်တော်မျိုးအား အပြစ်ပေးရသနည်း။ ကျွန်တော်မျိုးကို ကြိမ်ဒဏ်ပေးခြင်းထက် အမှန်ကို အမှန် အတိုင်း အဆုံးအဖြတ်မပေးခြင်းအပေါ် ခံပြင်းလှပါသည်”
ခြင်္သေ့က ဆိုသည်
“ကျားသစ်မိုက် … ငါသည် သင့်ကို အပြစ်ပေးခြင်းမှာ မြက်သည် အပြာရောင်ဖြစ်ခြင်း၊ အစိမ်းရောင်ဖြစ်ခြင်းနှင့် မဆိုင်။ သင်သည် မြည်းလိုကောင်နှင့် ဖက်ပြိုင်ပြီး ငြင်းခုံသောကြောင့် အပြစ်ပေးခြင်းဖြစ်သည်”
“ပညာမဲ့ လူ့ဗာလတစ်ဦးသည် ပညာရှိ သူတော်ကောင်း တစ်ရာကို အနိုင်ယူ၍ရသည်”
“ပညာမဲ့သူတွင် ကောက်ကျစ် ယုတ်မာသောစိတ် အစဉ်ရှိနေသဖြင့် သူအနိုင်ရရေးကို အစဉ်တွေးကာ နည်းမျိုးစုံဖြင့် ယုတ်မာနေမည်သာဖြစ်သည်”
“အကျိုးမဲ့ ငြင်းခုံခြင်းဖြင့် အချိန်ရော အင်အားကိုပါ မဖြုန်းသင့်”
“ထိုလူမိုက်တို့ကို ငြင်းခုံခြင်းထက် လုပ်သင့်လုပ်ထိုက်တာကို မလုပ်ခြင်းက သင်လည်း မိုက်မဲရာကျသဖြင့် သင့်ကို အပြစ်ပေးခြင်းဖြစ်သည်”
(အာရပ်ပုံပြင်တစ်ပုဒ်ကို မှီငြမ်းပါသည်)

image