11 ပတ် - ဘာသာပြန်ပါ။

ပုဂံမှာ တရားရုံးထုတ် လုံခြုံရေးယူတဲ့ရဲတပ်ဖွဲ့ဝင်တွေ သေနတ်နဲ့ အပစ်ခံရလို့ နှစ်ယောက်သေဆုံး

ဖေဖော်ဝါရီ ၁၈

မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးမြို့နယ်အတွင်းက ပုဂံမြို့မှာ တရားရုံးထုတ်လုံခြုံရေးယူဖို့ထွက်လာတဲ့ ရဲတပ်ဖွဲ့ဝင်တွေသေနတ်နဲ့ အပစ်ခံရလို့ ရဲတပ်ဖွဲ့ဝင်နှစ်ယောက်သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်ခံရသူတွေဟာ ပုဂံနယ်မြေရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ ဒေသတွင်းသတင်းတွေနဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာနဲ့ နီးစပ်သူတွေက ဆိုပါတယ်။

ဖြစ်စဉ်ဟာ ဖေဖော်ဝါရီ ၁၈ ရက်၊နံနက် ၉ နာရီ ၂ဝ အချိန်မှာ ပုဂံနယ်မြေရဲစခန်းက ဒုရဲအုပ် ဝါဝါထွန်း ဦးစီးတဲ့ ရဲတပ်ဖွဲ့ဝင် သုံးယောက်ဟာ ညောင်ဦးမြို့နယ်၊ တရားရုံးထုတ် လုံခြုံရေးဆောင်ရွက်ဖို့အတွက် မော်တော်ဆိုင်ကယ် နှစ်စီးနဲ့ ထွက်ခွာလာရာ ညောင်ဦးမြို့၊အမှတ်(၇) ရပ်ကွက်၊ ဝက်ကြီးအင်းရပ်ကွက်၊ အလိုတော်ပြည့်ဘုရားအနီး၊ အနော်ရထာလမ်းမကြီးဘေး အရောက်မှာ အိမ်စီးကား Honda Fit (အရောင်စိစစ်ဆဲ)ပေါ်ကနေ ပြောက်ကျားဝတ် အမျိုးသား လေးယောက်က သေနတ်နဲ့ ပစ်ခတ်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အမည်မသိလက်နက်ကိုင်အဖွဲ့ရဲ့ သေနတ်နဲ့ အပစ်ခံရလို့ ရဲတပ်ကြပ် ခင်မောင်မြင့်နဲ့ ရဲတပ်သား ရီဝေဦးတို့ နှစ်ယောက်ဟာ ရရှိဒဏ်ရာတွေနဲ့ သေဆုံးသွားပြီး ဒုရဲအုပ် ဝါဝါထွန်းကတော့ ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာနဲ့ နီးစပ်တဲ့ တယ်လီဂရမ်ချန်နန်သတင်းတွေက ဖော်ပြထားပါတယ်။

"ဟုတ်တယ်။မနက်ကတော့ အဲဒီလိုကြားတယ်။မနက် ၁ဝ နာရီလောက်ကဖြစ်တယ်လို့ကြားတယ်။ရဲတွေကို အလိုတော်ပြည့်ဘုရားနားမှာ ပစ်သွားတယ်လို့ပြောတယ်။ပုဂံမြို့ဟောင်းဘက်ပေါ့၊ပုဂံမြို့ဟောင်းနဲ့ ညောင်ဦးက တဆက်တည်းပါ။ပုဂံမြို့သစ်က သပ်သပ်ပါ။အရင်က တော့ ဒီလိုဖြစ်တာမျိုး ပုဂံမြို့ပေါ်မှာ မကြားဘူးဘူး။အခုတော့ဘယ်လိုဖြစ်လဲ မသိဘူး။ပုဂံက ယဉ်ကျေးမှုနယ်မြေလေ"လို့ ပုဂံ - ညောင်ဦး ဒေသခံတယောက် က ပြောပါတယ်။

ဒါအပြင် ပြီးခဲ့တဲ့ ရက်သတ္တပတ်က ချောက်မြို့အနီးနဲ့ ချောက် - ညောင်ဉီးကားလမ်းပေါ်မှာ ထိတွေ့တိုက်ပွဲအချို့ကြောင့် ပုဂံ - ညောင်ဦးဒေသကို ခရီးသွားဧည့်သည် ဝင်ရောက်မှု ထက်ဝက်ခန့်လျော့ကျသွားတယ်လို့ လည်း အဲဒီဒေသမှာရှိကြတဲ့ နယ်ခံခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေက ဆိုပါတယ်။

အဲဒီတိုက်ပွဲ သတင်းဂယက်ကြောင့် ပုဂံ - ညောင်ဦးဒေသဘက်ကို ခရီးသွားတွေက စိုးရိမ်စိတ်နဲ့ ကြောက် လန့်ပြီးမလာကြတော့တာဖြစ်တယ်လို့ သိရပါတယ်။

သို့သော်လည်း ယနေ့ ဖေဖော်ဝါရီ ၁၈ ရက်အထိတော့ ပုဂံ - ညောင်ဦးဒေသတဝိုက်နဲ့ ပုဂံမြို့ပေါ်တွေမှာတော့ အေးအေးချမ်းချမ်းရှိနေပြီး ဘုရား၊စေတီ၊ပုထိုးတွေလည်းဖွင့်ထားသလို ခရီးသွားတွေအတွက် ဟိုတယ်နဲ့ တည်းခိုခန်းတွေကိုလည်း ပိတ်ထားခြင်းမျိုးမရှိဘဲ ပုံမှန်အတိုင်းဖွင့်လှစ်ပေးထားတယ်လို့ ပုဂံ - ညောင်ဦး ဒေသခံတွေက ပြောပါတယ်။

"မြို့ပေါ် ကအခြေအနေကောင်းပါတယ်။ပုဂံမြို့ပေါ်တွေမှာက ဘာမှမဖြစ်ပါဘူး။ဟိုရက်ပိုင်းတွေက ဖြစ်တာက ချောက်နဲ့ ညောင်ဉီးကြားမှာဖြစ်တာလို့ ကြားတယ်။အဲလိုသတင်းတွေကြားတော့ ဧည့်သည်တွေက ကြောက်ပြီး မလာကြတော့တာပေါ့။အခုပုဂံမှာ တချို့ဧည့်သည်တွေလည်း ရှိတော့ရှိပါတယ်။ဒီနှစ်က စီးပွားရေးလည်းပါးကြ သိပ်မကောင်းကြတော့ ဧည့်သည် သိပ်မဝင်တာလည်းပါပါတယ်။မနှစ်ကလောက် အရင်နှစ်တွေကလောက်ဧည့်သည်က သိပ်မရှိဘူးပေါ့။နောက်သတင်းတွေကလည်း ပုဂံဆိုပြီးပဲ ရေးနေကြတော့ ဧည့်သည်တွေက ဒါကို အဓိက လန့်ကြတာပေါ့။တကယ်က မြို့ပေါ်မှာက ဘာမှမဖြစ်ဘူး။ဖြစ်တဲ့နေရာနဲ့ ပုဂံမြို့သစ်နဲ့ ဆိုရင် (၇)မိုင်လောက်ဝေးပါတယ်။ချောက်နဲ့ ပုဂံဆို (၁၄)မိုင်လောက်ရှိမယ်ထင်တယ်။ပုဂံကတော့ မန္တလေးတိုင်းထဲပါတာပေါ့။ဧရာဝတီမြစ်ကူးမယ်ဆိုရင်တော့ မကွေးတိုင်း(အနောက်ခြမ်း)ရောက်မှာပါ"လို့ ပုဂံ-ညောင်ဦးဒေသခံတယောက်က ထပ်လောင်းပြောပြပါတယ်။

ပုဂံ - ညောင်ဦးဒေသခံ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေကတော့ အခုထိတော့ ပုဂံဒေသဟာ အေးအေးချမ်းချမ်းရှိနေတဲ့ အတွက် ခရီးသွားဧည့်သည်တွေအနေနဲ့လာရောက်လည်ပတ်လို့ ရတယ်လို့လူမှုကွန်ရက်ပေါ်က ပုဂံဒေသခရီးသွားဂရုတွေမှာဖိတ်ခေါ် နေတာကိုလည်းတွေ့ရပါတယ်။

"ပုဂံကို ချောက်ဘက်ကနေ လာတဲ့ ဧည့်သည်သိပ်မရှိပါဘူး။ညီမတို့ဘက်ကို လာကြတာက ကျောက်ပန်းတောင်းဘက်ကပဲ များပါတယ်။ကျောက်ပန်းတောင်းဘက်ကပဲ ဧည့်သည်တွေလာကြတယ်။ဟိုတယ်တွေလည်း မပိတ်ဘူး။ဘုရားတွေလည်း မပိတ်ပါဘူး။သူ့ဟာလေးနဲ့ သူတော့လာကြတာရှိပါတယ်။အခုအထိဧည့်သည်အချို့ရှိပါတယ်"လို့ ပုဂံ - ညောင်ဦးဒေသခံတယောက်က ထပ်လောင်းပြောပြပါတယ်။

ဒါအပြင် လက်ရှိအချိန်အထိ ပုဂံ - ညောင်ဦး မြို့ဝင်/မြို့ထွက်ဂိတ်တွေကိုလည်း ပုံမှန်အတိုင်းဖွင့်လှစ်ပေးထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာခရီးသွားရာသီမှာတော့ ပုဂံ - ညောင်ဦးဘက်ကို ပြည်တွင်း၊ပြည်ပခရီးသွားအများအပြား ဝင်ရောက်ခဲ့တယ်လို့လည်း ပုဂံဒေသမှာရှိတဲ့ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေက ဆိုထားပါတယ်။

အဲဒါအပြင် ပုဂံဒေသသို့ ပြီးခဲ့တဲ့၂၀၂၄ ခုနှစ်မှာ ခရီးသွားဘုရားဖူးဧည့်သည်ဦးရေ တသန်းကျော် ပိုမိုလာရောက် လည်ပတ်ခဲ့ကြတယ်လို့လည်း ဟိုတယ်နဲ့ ခရီးသွားညွန်ကြားမှုဦးစီး ဌာန(ပုဂံရုံးခွဲ)ရဲ့ထုတ်ပြန်မှုတွေအရ သိရှိရပါတယ်။

Photo - CJ

#centralnewsnaypyitaw

image