ဇလွန် - ရန်ကုန် ခရီးသည်တင်ယာဉ် လမ်းဘေးသစ်ပင်ကိုဝင်တိုက်မိပြီး ယာဉ်မောင်းသေဆုံးကာ ခရီးသည်သုံးဦးဒဏ်ရာရ
ဖေဖော်ဝါရီ ၁၇
ဇလွန်ကနေ ရန်ကုန်ကိုမောင်းနှင်လာတဲ့ ခရီးသည်တင်ယာဉ်တစ်စီးက ဓနုဖြူမြို့၊ ပျဉ်ထောင်စုကျေးရွာအနီးမှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်ကိုဝင်ရောက်တိုက်မိခဲ့တာကြောင့် ယာဉ်မောင်းဖြစ်သူ နေရာတင်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့ မနက် ၉နာရီအချိန်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၊ နန်းတော်ကုန်းကျေးရွာအုပ်စု၊ ပျဉ်ထောင်စုကျေးရွာအနီးမှာ ဖြစ်ပွားခဲ့ပြီး အဆိုပါခရီးသည်တင်ယာဉ်မှာ ဆန့်ကျင်ဘက်လားရာဘက်ခြမ်းက သစ်ပင်ကိုအရှိန်နဲ့ဝင်တိုက်တာလို့ သိရပါတယ်။
ဓနုဖြူမြို့နယ်မီးသတ်စခန်းမှ တာဝန်ရှိသူက "ကားပေါ်မှာ လူက ဆယ်ဦးလောက်ပဲ ပါပါတယ်။ ယာဉ်မောင်းကတော့ တိုက်မိထဲက ကားထဲညပ်ပြီး နေရာတင်ဆုံးတယ်။ ခက်ခက်ခဲခဲ ဆွဲထုတ်ရတယ်။ ကားပေါ်ပါတဲ့ အမျိုးသား ၃ ဦးလည်း ဒဏ်ရာရတယ်။ မစိုးရိမ်ရဒဏ်ရာတွေပါ" လို့ ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
အဆိုပါယာဉ်တိုက်မှု ဖြစ်ပွားရာနေရာကို ဓနုဖြူမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ထွက်ခွာဆောင်ရွက်ခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် သေဆုံးသူ ယာဉ်မောင်းနဲ့ ထိခိုက်ဒဏ်ရာရရှိသူ(၃)ဦးကို ဓနုဖြူဆေးရုံဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
Credit - Myanmar Transparency News Agency
#သတင်းဟင်းလေးအိုးကြီး


