မဲဆောက်ကို စက်သုံးဆီသွားဝယ်တဲ့ ကားတွေကြောင့် မြဝတီ ကနေ မဲဆောက် အဝင်လမ်း အရင် ၃မိနစ်ကြာရာက ခု နာရီနဲ့ချီကြာလာ

ဖေဖော်ဝါရီ ၁၁

ကရင်ပြည်နယ်၊ မြဝတီမြို့မှ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကို မော်တော်ယာဉ်နဲ့ဖြတ်သန်းသွားရောက်ရာမှာယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်ပေါ်နေတာကြောင့် ထိုင်း-မြန်မာနယ်စပ်‌ဂိ‌တ်ပေါက်ဖြစ်တဲ့ ချစ်ကြည်ရေး တံတားကိုဖြတ်သန်းချိန် ယခင်၃မိနစ်ခန့်ကနေ ယခုအခါ ၃နာရီခန့်ကြာလာကြောင်း ဒေသခံတွေထံကနေ သိရပါတယ်။

မြဝတီမြို့ကို ထိုင်းဘက်မှ စက်သုံးဆီနဲ့လျှပ်စစ်မီးဖြတ်တောက်လိုက်ခြင်းရဲ့နောက်ဆက်တွဲအကျိုးဆက်အနေနဲ့ မြဝတီဒေသခံတွေက မဲဆောက်မြို့သို့သွားရောက်ကာ စက်သုံးဆီဝယ်ယူခြင်းနဲ့ပြန်လည်ရောင်းချတာတွေကြောင့် နယ်စပ်ဂိတ်ဖြတ်သန်းရာနေရာတွေမှာ ဖေဖော်ဝါရီလ၅ရက်နောက်ပိုင်းမှစပြီး ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်ပေါ်နေတယ်လို့ဆိုပါတယ်။

ဒါကြောင့် ယနေ့ဖေဖော်ဝါရီ ၁၀ ရက် နံနက်ပိုင်းမှစတင်ကာ မြဝတီမြို့မှ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကို မော်တော်ယာဉ်ဖြင့်သွားရောက်ခွင့်အားကားတစီးကိုတနေ့လျှင် တကြိမ်သာ ခွင့်ပြုရန် ဒေသအာဏာပိုင်အဖွဲ့မှ ကန့်သတ်လိုက်ကြောင်းသိရပါတယ်။

" ယာဉ်ကြောပိတ်တာကအဓိကတော့ စက်သုံးဆီဂယက်ပေါ့ ၊ မြဝတီမြို့ထဲကစက်သုံးဆီဆိုင်တွေပိတ်တော့ တဖက်ကမဲဆောက်ထဲသွားဝယ်ကြတယ်။ အဲ့ဒီမှာတချို့က ကိုယ်သုံးဖို့လိုတာထက် ဒီဘက်မှာ ဈေးကြီးနဲ့ပြန်ရောင်းဖို့ပါ ။နယ်စပ်ဂိတ်တံတားကိုအကြိမ်သုံးလေးကြိမ်ဖြတ်ကြတာတွေလည်းရှိလာတော့ ယာဉ်ကြောပိတ်လာတယ်။ အရင်က မဲဆောက်ကို မြဝတီကနေ တံတားဖြတ်လိုက်လို့၃မိနစ်နဲ့ရောက်တာက အခုတော့၃နာရီလောက်ကြာသလိုဖြစ်လာတယ်"လို့ မြဝတီမြို့ဒေသခံတယောက်ကပြောပါတယ်။

မြဝတီနဲ့မဲဆောက်နယ်စပ်ဂိတ်ချစ်ကြည်ရေးတံတားဖြတ်သန်း ခမှာ မြန်မာဘက်အခြမ်းက ကားတစီးကို၅၀၀၀ကျပ်နဲ့ လူဖြတ်သန်းခွင့်တဦးကို ၅၀၀ကျပ်ကောက်ခံပြီး ထိုင်းဘက်အခြမ်းမှာ လူရောကားပါ၂ခုပေါင်း ဘတ် ၁၀၀နှုန်း ကောက်ခံတယ်လို့သိရပါတယ်။

ကရင်ပြည်နယ်၊ မြဝတီနဲ့ရွှေကုက္ကိုဒေသရှိ ကျားဖြန်းလုပ်ငန်းများ နှိမ်နင်းရန် ထိုင်းအစိုးရက လျှပ်စစ်မီး၊ စက်သုံးဆီနဲ့အင်တာနက်လိုင်းများ ပေးဝေမှုရပ် ဆိုင်းခဲ့တာကြောင့် ကျားဖြန့်လုပ်ငန်းများနဲ့မသက်ဆိုင်တဲ့ဒေသခံပြည်သူများမှာပါ အခက်အခဲများဖြစ်ပေါ်လျက်ရှိနေရာ ယာဉ်ကြောပိတ်ဆို့မှုကလည်း အပါအဝင်ဖြစ်နေတယ်လို့ဆိုပါတယ်။

" ယာဉ်ကြောပိတ်တော့ကျန်းမာရေးအတွက် မဲဆောက်သွားမယ့်သူအရေးပေါ်ဆေးရုံတက်ရမယ့်သူတွေအတွက်ဆို ကားတွေပိတ်တာနဲ့ လူနာပါသေမယ့်ကိန်း ကျောင်းတက်နေတဲ့ကျောင်းသားကျောင်းသူတွေလည်းအချိန်နဲ့သွားတက်နေရတာအခက်ခဲရှိတယ်။ ကားတစီးကိုဆီအရောင်းအဝယ်လုပ်စားသူက တ‌နေ့၆ခေါက်သွားတာတဲ့၊ ဆီပုံးဝါတပုံးကို၃၀၀၀ရတယ်တဲ့ ဒီနေ့ညနေ၅နာရီထိ ကားအဝင်အထွက်စာရင်းအရေအတွက်၁၄၀၀ပြည့်တော့မယ်တဲ့ ဘယ်လိုလုပ်ကြမလဲ သူများတွေဒုက္ခရောက်နေချိန်ခေတ်ပျက်သဌေးတွေလုပ်စားနေကြတာလား"လို့ လူမှုကွန်ယက် သုံးစွဲသူ မြဝတီဒေသခံတဦးကပြောထားပါတယ်။

ထိုင်းနိုင်ငံဘက်က မြန်မာနယ်စပ်မြို့များဖြစ်တဲ့ မြဝတီ၊ ဘုရားသုံးဆူနဲ့ တာချီလိတ်မြို့များကို စက်သုံးဆီတင်ပို့မှုအား (၆) လအထိ ပိတ်သိမ်းထားမယ် လို့ထိုင်းကာကွယ် ရေးဝန်ကြီးချုပ် ဖှုန်ထမ် ဝေချယချိုင်က ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၇ ရက်တွင် ထိုင်းသတင်းမီဒီယာများအား ပြောကြားမှုတွေရှိခဲ့ရာ လတ်တလောမှာ မြဝတီမြို့အတွင်း စက်သုံးဆီအခက်ခဲကကြီးမားနေတာပါ။

လက်ရှိဖြစ်ပေါ်နေတဲ့ မြဝတီမြို့ရဲ့ စက်သုံးဆီအခက်ခဲအတွက်ဘားအံမြို့ကတဆင့် သယ်ယူလာရန်ပြည်နယ်အစိုးရက စီစဉ်‌နေကြောင်းလည်း ဒေသတွင်းသတင်းေတွအရ သိရပါတယ်။

Photo:CJ

#သတင်းဟင်းလေးအိုးကြီး

image