ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ကျားဖြန့်လုပ်ငန်း ဆောင်ရွက်နေသည့် တရုတ်နိုင်ငံသား ၂၁ ဦး ထပ်မံဖမ်းမိ၍ ယင်းဒေသတွင် ဖေဖော်ဝါရီလအတွင်း တရုတ်နိုင်ငံသား ၅၀ အပါအဝင် စုစုပေါင်း ၁၀၂ ဦး ဖမ်းမိ
ဖေဖော်ဝါရီ ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်၊ မိုင်းဟဒေသအတွင်း တရားမဝင် အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုဆောင် ရွက်နေသည့် တရုတ်နိုင်ငံသား ၂၁ ဦး ထပ်မံဖော်ထုတ်ဖမ်းဆီးရမိခဲ့၍ ယင်းဒေသတွင် ဖေဖော်ဝါရီလအတွင်း တရုတ်နိုင်ငံသား ၅၀ ဦးအပါအဝင် စုစုပေါင်း ၁၀၂ ဦးအထိ ဖမ်းဆီးနိုင်ခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့တွင် ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လျက်ရှိသည့် ပြည်ပနိုင်ငံသားများအား စိစစ်ဖော်ထုတ်မှုများ ဆောင်ရွက်ခဲ့ရာ အများစုသည် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ ၎င်းတို့၏ ကိုယ်ကျိုးစီးပွားများအတွက် အလုပ်လုပ်ကိုင်ရန် တရားမဝင် ဝင်ရောက်လာကြသူများဖြစ်ကြောင်း တွေ့ရှိရကြောင်း သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့်လည်း အဆိုပါတရားမဝင် အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှု လုပ်ငန်းအပါအဝင် အခြားဒုစရိုက်လုပ်ငန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအပါအဝင် ပူးပေါင်းအဖွဲ့များက တက်ကြွစွာဖြင့် တင်းတင်းကြပ်ကြပ် ရှာဖွေစစ်ဆေးဖော်ထုတ် ဖမ်းဆီးမှုများ အဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်၊ မိုင်းဟဒေသအတွင်း တရားမဝင် အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် တရုတ်နိုင်ငံသား အမျိုးသား ၂၁ ဦးအား ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် လိုအပ်သည့်စစ်ဆေးမှုအား ဆောင်ရွက်လျက်ရှိပြီး ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ကြောင်း ထုတ်ပြန်ထားသည်။
၎င်းနယ်မြေအတွင်း ဖေဖော်ဝါရီလ ၅ ရက်နေ့မှ ၉ ရက်နေ့အထိ တရားမဝင် အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများ ဆောင်ရွက်နေသူများကို လုံခြုံရေးဆောင်ရွက်ပေးနေသူ ၅ ဦး၊ တရုတ်နိုင်ငံသား အမျိုးသား ၄၈ ဦး၊ အမျိုးသမီး၂ ဦး၊ ဗီယက်နမ်နိုင်ငံသား အမျိုးသမီး ၁၈ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၅ ဦး၊ အမျိုးသမီး ၂၉ ဦး၊ စုစုပေါင်း ၁၀၂ ဦးတို့အား တရားမဝင် အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်ရာတွင် အသုံးပြုသည့် ဖုန်းမျိုးစုံ ၂၆၀ လုံး၊ Laptop ၂၅ လုံး၊ Destop ၂၁ လုံး၊ Keyboard ၂၈ လုံး၊ Wifi စက် ၂ လုံး၊ Starlink ၇ လုံး၊ လက်နက်မျိုးစုံ ၇ လက်၊ ကွန်ပျူတာ ၇၂ လုံး၊ ငါးဂိမ်းစက် ၅ လုံး၊ မော်တော်ယာဉ်မျိုးစုံ ၃ စီး၊ ဆက်စပ် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။
အထက်ပါဖြစ်စဉ်များတွင် ဖမ်းဆီးရမိသူများအား စိစစ်ဆောင်ရွက်လျက်ရှိပြီး ဉပဒေနှင့်အညီ တရားစွဲဆိုဆောင်ရွက်ခြင်းနှင့် ပြည်ပနိုင်ငံသားများအား လူသားချင်း စာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို ရှေးရှု၍ သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်လည်လွှဲပြောင်း ပေးအပ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း အသိပေးထားသည်။
Credit - Myanmar Transparency News Agency
#သတင်းဟင်းလေးအိုးကြီး

