11 ပတ် - ဘာသာပြန်ပါ။

အနိုင်ပိုင်းခြင်းအနုပညာ
ကြေးစားဘဝကို အနိုင်ပိုင်းပြီး အနားယူသွားကြတဲ့ ကစားသမားက သိပ်မများပါဘူး။ မြင်လွယ်တဲ့ဥပမာပေးရရင် ခါဘစ်နဲ့ မေဝယ်သာပါ။ ခါဘစ်က အကောင်းဆုံးအချိန်မှာ အနားယူခဲ့တာပါ။ သူအနားယူတော့ (၃၂) နှစ်ပဲရှိပါသေးတယ်။ မေဝယ်တာက စီနီယာ၊ ခေတ်ပြိုင်နဲ့ ဂျူနီယာတွေကို အနိုင်ယူပြီး အသက် (၄၀) အရွယ်မှာ နားသွားတာပါ။ တချို့တွေက အနိုင်မပိုင်းဘဲ ဆက်ကစားကြတာ ရှုံးပွဲမရှိစံချိန်ပျက်သွားရဖူးတယ်။
ဘောက်ဆင်ပရိသတ်ဆိုရင် Julio Cesar Chavez ကို သိကြလိမ့်မယ်။ ဒီဘဲကြီးက တော်တော်ကောင်းတယ်။ သူဆိုရင်လည်း နိုင်ပွဲဆက်တာပဲ။ ငယ်ငယ်တုန်းက ပွဲစိပ်လွန်းတယ်။ တစ်နှစ်အတွင်းမှာ (၁၂) ပွဲလောက်ထိုးတယ်။ ပွဲနည်းတယ်ဆိုရင်တောင် တစ်နှစ်ကို (၁၀) ပွဲလောက်ထိုးတယ်။ ထိုးတိုင်းလည်း နိုင်တာပဲ။ အစောပိုင်းမှာတင် အလဲထိုးနိုင်တော့ ဒဏ်ရာကင်းစင်ပြီး နောက်ပွဲကို အချိန်တိုအတွင်းမှာ ကစားနိုင်တယ်။
၁၉၈၀ ခုနှစ်မှာ Julio Cesar Chavez က ကြေးစားစထိုးတယ်။ အပေါ်မှာရေးပြထားသလို ပွဲကူးကြမ်းတော့ ၁၉၉၃ ခုနှစ်မှာ ပွဲ (၉၀) လောက်ထိုးထားပြီ။ ကြေးစားသက်တမ်း (၁၃) နှစ်အတွင်းမှာ ပွဲ (၉၀) လောက်ထိုးထားတာပါ။ ရလဒ်ကိုလည်း ကြည့်လိုက်ဦး။ (၈၉) ပွဲနိုင်ပြီး (၁) ပွဲသရေကျတယ်တဲ့။ ရှုံးပွဲမရှိပါဘူး။ ဝိတ်တန်း (၃) ခုမှာလည်း ကမ္ဘာ့ချန်ပီယံဖြစ်ထားတယ်။ စဉ်းစားကြည့်ရအောင်။
မေဝယ်သာရဲ့ ကြေးစားမှတ်တမ်းက ၅၀ - ၀ ဖြစ်ပါတယ်။ ကြေးစား (၅၀) ပွဲနိုင်ထားပြီး ရှုံးပွဲမရှိဘူး။ Julio Cesar Chavez ရဲ့ မှတ်တမ်းက ပိုမမြင့်ဘူးလား။ (၈၉) ပွဲနိုင်ပြီး (၁) ပွဲသရေလေ။ အံ့သြစရာမှတ်တမ်းကောင်းကို ပိုင်ဆိုင်ထားတာပါ။ ဒါပေမယ့် ဆရာသမားက အနိုင်မပိုင်းချင်ဘူး။ အဲဒီအချိန်မှာ အသက်က (၃၁) နှစ်ဖြစ်နေပြီ။ အနိုင်ပိုင်းချင်ရင် နားလို့ရတယ်။ အနားမယူဘဲ ဆက်ထိုးလိုက်တာ ရှုံးပွဲတချို့ကြုံခဲ့ရတယ်။
Julio Cesar Chavez က အသက် (၄၃) နှစ်အရွယ်မှာ အနားယူခဲ့ပါတယ်။ ကြေးစားပွဲပေါင်း (၁၁၅) ပွဲတောင် ကစားသွားတယ်။ နည်းတာ မဟုတ်ဘူး။ အသက်ကြီးတဲ့အထိကို ကစားသွားတာပါ။ (၁၀၇) ပွဲနိုင်ပြီး (၆) ပွဲရှုံးလို့ (၂) ပွဲသရေကျပါတယ်။ အခုချိန်ထိလည်း သမိုင်းတစ်လျှောက် ကမ္ဘာ့အကောင်းဆုံးဘောက်ဆင်သမားတွေကို ရွေးချယ်ရရင် Julio Cesar Chavez က တန်းမြင့်မြင့်မှာရှိနေတုန်းပဲ။ ပွဲ (၁၀၀) ကျော်နိုင်ဖို့ဆိုတာ လွယ်မှမလွယ်တာလေ။ အနိုင်မပိုင်းတတ်တာက တစ်မျိုးပေါ့။

image