တရုတ်သမ္မတ မေလအတွင်း ရုရှားသွားမည်
ဖေဖော်ဝါရီ ၁၁
တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဒုတိယကမ္ဘာစစ်အတွင်း ရုရှားတပ်နီတော်ရဲ့ ဂျာမန်တပ်ဖွဲ့တွေအပေါ် အောင်မြင်မှု အနှစ် ၈၀ အထိမ်းအမှတ်အခမ်းအနားကိုတက်ရောက်ဖို့ မေလအတွင်း ရုရှားနိုင်ငံသို့သွားရောက်မယ်လို့ Tass သတင်းဌာနကဖော်ပြခဲ့ပါတယ်။
ရုရှားတပ်ဖွဲ့တွေရဲ့ နာဇီဂျာမနီတို့ အပေါ် ၁၉၄၅ ခုနှစ်က အောင်နိုင်မှုအတွက် နှစ်စဉ်ပြုလုပ်တဲ့ အခမ်းအနားကိုတက်ရောက်ဖို့ ဖိတ်ကြားမှုကို ရှီ က လက်ခံခဲ့တယ်လို့ တရုတ်နိုင်ငံဆိုင်ရာ ရုရှားသံအမတ် မော်ဂူလော့ဗ်ကလည်း ပြောခဲ့ပါတယ်။
သမ္မတပူတင်နဲ့ ရှီတို့ အွန်လိုင်းပေါ်မှာ ဇန်နဝါရီလအတွင်းကတွေ့ဆုံဆွေးနွေးအပြီးမှာ မော်ဂူလော့ဗ်က ခုလိုကြေညာခဲ့တာပါ။ ဒါက အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရန့် ကျမ်းသစ္စာကျိန်ဆိုအပြီး နောက်တစ်နေ့မှာလည်းဖြစ်ပါတယ်။ တရုတ်နိုင်ငံနဲ့ ရုရှားနိုင်ငံတို့ဟာ အနောက်အုပ်စုရဲ့ ဖိအားတွေကိုတွန်းလှန်ဖို့ နှစ်နိုင်ငံပိုလို့အနီးကပ်ဆက်ဆံနေကြတယ်လို့ ဆိုရမှာပါ။
ရှီက ရုရှားနိုင်ငံ ကာဇန်မြို့မှာ BRICS ထိပ်သီးဆွေးနွေးပွဲတက်ရောက်ဖို့ ပြီးခဲ့တဲ့အောက်တိုဘာလကလည်း သွားရောက်ခဲ့ပါသေးတယ်။
ရှီကလည်း ပူတင်ကို စက်တင်ဘာလမှာကျင်းပမယ့် တရုတ်-ဂျပန် စစ်ပွဲပြီးမြောက်မှု နှစ်ပတ်လည်အခမ်းအနားတက်ဖို့ ဖိတ်ကြားထားတယ်လို့ မော်ဂူလော့ဗ်က ပြောခဲ့ပါတယ်။
Ref- SCMP
#သတင်းဟင်းလေးအိုးကြီး
