"တားနိုင်ရင်တား" ဆိုပြီး အီလွန်မတ်စ်ကို စိန်ခေါ်လိုက်တဲ့ အိန္ဒိယ AI CEO
ပွဲဖြစ်နေတဲ့ USAID ကိစ္စမှာ အိန္ဒိယနွယ်ဖွား နည်းပညာ CEO ကလည်း ဝင်ပွဲဆူလိုက်ပါတယ်။
Perplexity AI CEO က USAID ကို ပိတ်ချဖို့ လုပ်နေတဲ့ Tesla သူဌေး အီလွန်မတ်စ်ကို စိန်ခေါ်လိုက်တာပါ။ Perplexity AI ဆိုတာကတော့ ၂၀၂၂ ကမှ အိန္ဒိယအိုင်တီပညာရှင်လူငယ်နဲ့ ပါတနာတစ်စုတို့ စထောင်ခဲ့တဲ့ AI search engine ကုမ္ပဏီ ဖြစ်ပြီး ဂျက်ဖ်ဘီဇော့စ်ရဲ့ ငွေတွေ ပါတဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။
တစ်နေ့ကပဲ ကုမ္ပဏီ CEO အာရာဗင်း သျှရီနီဗက်စ်က သူ့ရဲ့ X ကနေ "USAID ဆီက ဒေါ်လာဘီလျံ ၅၀၀ ယူမလား စဉ်းစားနေတယ်။ ရံပုံငွေကလည်း ရပြီးသား။ အီလွန်မတ်စ် ခင်ဗျားတားနိုင်ရင် တား" ဆိုပြီး စိန်ခေါ်ပါတယ်။
အသက် ၃၁ နှစ်အရွယ် သျှရီနာဗက်စ်ကတော့ ဇ,မသေးဘူးလို့ ပြောရမှာပါ။ USAID က ရာဇဝတ်မှုတွေ လုပ်နေတဲ့ အဖွဲ့အစည်း ဖြစ်လို့ ဖျက်ပစ်လိုက်တာကောင်းတယ်လို့ အီလွန်မတ်စ် ပြောပြီးနောက် USAID ဝန်ထမ်းတွေနဲ့ အီလွန်မတ်တို့အကြား ပြဿနာတက်နေချိန်မှာ Perplexity AI CEO က အခုလို ပြောလာတာပါ။
သျှရီနာဗက်စ်ရဲ့ ပို့စ်ကို X သုံးသူတွေက အပြောင်အပျက်လို တုန့်ပြန်ခဲ့ကြပါတယ်။ အသက် ၃၁ နှစ်အရွယ် သျှရီနာဗက်စ်ရဲ့ X ပို့စ်သာ ဟာသဖြစ်ခဲ့ပေမယ့် သူ့ရဲ့ဘက်ဂရောင်းနဲ့ ထူးချွန်မှုကိုတော့ အသိအမှတ်မပြုလို့ မရပါဘူး။
အိန္ဒိယနိုင်ငံ ချန်နိုင်းမှာ ကြီးပြင်းလာပြီး IIT မက်ဒရက်ကျောင်းမှာ လျှပ်စစ်အင်ဂျင်နီယာပိုင်းနဲ့ ဘွဲ့ရခဲ့တဲ့ သျှရီနာဗက်စ်က OpenAI မှာ သုတေသနအလုပ်သင်အနေနဲ့ ပထမဆုံး အလုပ်ဝင်ခဲ့ပါတယ်။ နောက်ပိုင်း Google ရဲ့ AI လုပ်ငန်းဖြစ်တဲ့ DeepMind နဲ့ Google မှာပါ internships တွေ ဆင်းခဲ့သူပါ။
ကယ်လီဖိုးနီးယားတက္ကသိုလ် ဘာကလေကနေ deep learning နဲ့ AI ပိုင်း Ph.D တန်း တက်ခဲ့တဲ့ သူဟာ အသက် ၂၈ နှစ်အရွယ်မှာ တွဲဖက် founder သုံးဦးနဲ့အတူ Perplexity AI ကို စခဲ့တာပါ။ ပြီးခဲ့တဲ့လထဲမှာပဲ Perplexity က Perplexity Assistant နာမည်နဲ့ AI web assistant tool တစ်ခု ထုတ်ထားပါတယ်။
မနှစ် နှစ်ဆန်းပိုင်းက ဒေါ်လာ ၁ ဘီလျံကျော် တန်တဲ့ ဒီကုမ္ပဏီဟာ ၂၀၂၄ ဒီဇင်ဘာမှာ ဒေါ်လာ ၉ ဘီလျံတန် AI ကုမ္ပဏီ ဖြစ်လာခဲ့ပြီး ကမ္ဘာ့အချမ်းသာဆုံး သူဌေးတစ်ဦး ဖြစ်တဲ့ ဂျက်ဖ်ဘီဇော့စ်အပါအဝင် လုပ်ငန်းရှင်ကြီးတွေဆီက ရင်းနှီးမြှပ်နှံမှုလည်း ရထားပါတယ်။
