ဒေါပုံရဲစခန်းက အချုပ်ခန်းဖောက်ပြီးထွက်ပြေးတဲ့ အချုပ်သားလေးယောက်လုံးပြန်ဖမ်းမိ
ဖေဖော်ဝါရီ ၁၁
ရန်ကုန်တိုင်း ၊ဒေါပုံမြို့နယ်ရဲစခန်းက အချုပ်ခန်းဖောက်ဖျက်ပြီးထွက်ပြေးတဲ့ အချုပ်သား လေးယောက်လုံးကို ပြန်လည်ဖမ်းဆီးရမိပြီဖြစ်တယ်လို့ ရဲစခန်းနဲ့နီးစပ်သူစီကသိရပါတယ်။
ထွက်ပြေးသွားတဲ့အချုပ်သားတွေအားလုံးကို ဒီနေ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ လှည်းကူးမြို့၊ထောက်ကြံ့မြို့နယ်နဲ့ ဧရာဝတီတိုင်းဘက်မှာ ပြန်လည်ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့သိရပါတယ်။
" ထွက်ပြေးတဲ့လေးယောက်လုံးပြန်မိပြီ။ဒီနေ့ညနေမှာ အကုန်လုံးကိုပြန်မိတာလို့သိရတယ်။
ပြေးတုန်းကတော့အချုပ်ခန်းသံတိုင်ကို ဖျက်ပြီးပြေးကြတာ။အသက်တွေက ၂၀ အရွယ်လည်းပါတယ်။၁၇လည်းပါတယ်။၃၃ နှစ်ပါတယ်။၂၈နှစ်ပါတယ်။ ဧရာဝတီမှာမိတာကတော့အဲဒီ ဘက်ကိုသွားတာမိတာ" လို့ ရဲစခန်းနဲ့နီးစပ်သူက ပြောပြပါတယ်။
အချုပ်သားလေးယောက်က ဖေဖော်ဝါရီ ၉ ရက်နေ့မနက် ၂ နာရီကျော်လောက်မှာ အချုပ်ခန်းသံတိုင်ကို လွှနဲ့ဖြတ်ပြီး ထွက်ပြေးခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။
အချုပ်ခန်းဖောက်ပြီးထွက်ပြေးခဲ့သူတွေကခန့်ထည်ဝါထွန်း၊ ညီညီခန့်၊ ဝေယံအောင် (ခ) သင်္ဘောသီး၊ သူရဇော်(ခ)အောင်ရဲလင်းဆိုသူတို့ဖြစ်ပြီး မူးယစ်ဆေးးဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၁ အမှုမှ ရမန်နဲ့ ချုပ်နှောင်ထားသူကနှစ်ယောက်ပါပြီး ရာဇသတ်ကြီးပုဒ်မ ၃၈၀ နဲ့အမှုဖွင့် ခံထားရသူက နှစ်ယောက်ဖြစ်တယ်လို့သိရပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့ကလည်း မွန်ပြည်နယ် ရေးမြို့နယ်ရဲစခန်းမှာ အချုပ်သားတွေနဲ့တာဝန်ကျရဲအရာရှိတွေအကြားပစ်ခတ်မှုဖြစ်ပွားပြီး အချုပ်သား လေးယောက်ထွက်ပြေးလွတ်မြောက်သွားပြီး ဒုရဲအုပ်အပါသုံးယောက် သေဆုံးခဲ့တယ်လို့သိရပါတယ်။
Photo - CJ
Credit - VOM News Agency
#သတင်းဟင်းလေးအိုးကြီး
