၂၀၂၄ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆု ၁၆ ဆု ချီးမြှင့်ပေးအပ်

ဖေဖော်ဝါရီ ၁၀

၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားမှာ ထူးချွန်ဆု‌ စုစုပေါင်း ၁၆ ဆုကို ချီးမြှင့်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

(၆၆) ကြိမ်မြောက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားကို ဒီကနေ့ ဖေဖော်ဝါရီ ၉ ရက်၊ ညနေ ၄ နာရီကစတင်ပြီး နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁) (MICC - 1) ၊ ကျောက်စိမ်းခန်းမမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ရုပ်ရှင်ထူးချွန်ဆုတွေကို အနုပညာရှင်၊ အတတ်ပညာရှင်တွေကို ချီးမြှင့်ခဲ့တာမှာ ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် တသက်တာထူးချွန်ဆုကို ကြည်စိုး၊ ဒါရိုက်တာ မောင်နှင်းမိုး၊ ဝါဝါဝင်းရွှေနဲ့ ခင်သန်းနုတို့က ရရှိခဲ့ပါတယ်။

အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုကို 𝐓𝐚𝐮𝐫𝐮𝐬 𝐕 𝐏𝐫𝐨𝐝𝐮𝐜𝐭𝐢𝐨𝐧 မှ ရိုက်ကူး ထုတ်လုပ်ထားခဲ့တဲ့ ချစ်သူသာ ပန်းတစ်ပွင့်ဖြစ်ခဲ့လျှင် ရုပ်ရှင်ဇာတ်ကား၊ အကောင်းဆုံး ရုပ်ရှင်အထူးဆု မိတ်ကပ်ပညာရှင် လုံလုံ (လင်္ကာဒီပ) (နှောင် ဇာတ်ကား)တို့နဲ့ ရရှိခဲ့ပါတယ်။

ရုပ်ရှင်ဒါရိုက်တာဆုကို ဒါရိုက်တာ ဝင်းလွင်ထက် (အိပ်မက်ကာရန် ဇာတ်ကား)၊ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကို သရုပ်ဆောင် နေတိုးက (နှောင် ဇာတ်ကား)၊ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို သရုပ်ဆောင် ဝတ်မှုံရွှေရည်က (တိမ်ပန်းချီ ဇာတ်ကား)၊ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆုကို သရုပ်ဆောင် အေးချမ်းမောင်က (မီး ဇာတ်ကား)၊ အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆုကို သရုပ်ဆောင် ခြူးလေးက (ဘိုးတော်ကင်း ဇာတ်ကား)တို့နဲ့ ရရှိခဲ့ပါတယ်။

အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံဆုကို ဓာတ်ပုံပညာရှင် ကောင်းဇံက (ချစ်သူသာ ပန်းတစ်ပွင့်ဖြစ်ခဲ့လျှင် ဇာတ်ကား)၊ အကောင်းဆုံး ရုပ်ရှင်တေးဂီတဆုကို ဓီရာမိုရ် က (အိပ်မက်ကာရန် ဇာတ်ကား)၊ အကောင်းဆုံး ရုပ်ရှင်အသံဆု အောင်မျိုးမြတ်/ရဲဝင်း က (မီး ဇာတ်ကား)၊ အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆု အာကာကျော် က (နှောင် ဇာတ်ကား)၊ အကောင်းဆုံး ရုပ်ရှင်ဇာတ်ညွှန်းဆု အေးသီရိကို က (တိမ်ပန်းချီ ဇာတ်ကား) တို့နဲ့ ရရှိခဲ့ပါတယ်။

ဒါအပြင် ပွဲတက်ရောက်လာတဲ့ မြန်မာ့ရုပ်ရှင် အနုပညာရှင် လေးယောက်ကို မြန်မာ့အကယ်ဒမီ ဖက်ရှင်ဆု (Myanmar Academy Fashion Award) တွေပေးအပ်ခဲ့တာမှာ အကောင်းဆုံး အမျိုးသား ဝတ်စားဆင်ယင်မှု အကြီးတန်းဆု အကယ်ဒမီများရှင် ရန်အောင်၊ အကောင်းဆုံး အမျိုးသမီး ဝတ်စားဆင်ယင်မှု အကြီးတန်းဆု စိုးမိုးကြည်၊ အကောင်းဆုံး ဝတ်စားဆင်ယင်မှု အမျိုးသားဆု ထက်အောင်ရှိုင်းနဲ့ အကောင်းဆုံး ဝတ်စားဆင်မှု အမျိုးသမီးဆုကို နန်းဆုရတီစိုးတို့က ရရှိခဲ့ပါတယ်။

#သတင်းဟင်းလေးအိုးကြီး

image