11 w - Translate

#အချိန်မရှိလို့ပါ

စာရေးဆရာ စတီဖင်ကိုဗီ (Stephen R. Covey) ရေးထားတဲ့ ‘The 7 Habits of Highly Effective People’ စာအုပ်ထဲက အကြောင်းအရာလေးတစ်ခုကို မှီးရေးလိုက်ပါတယ်။

တစ်ရက်မှာ စတီဖင်ဟာ တောအုပ်တစ်အုပ်ထဲကို ဖြတ်သွားရင်းနဲ့ သစ်ပင်တစ်ပင်ရဲ့ ပင်စည်ကို လွှနဲ့ အားသွန်ခွန်စိုက် တိုက်ဖြတ်နေတဲ့ သစ်ခုတ်သမားတစ်ယောက်ကို တွေ့လိုက်တယ်။ သစ်ခုတ်သမားဟာ လွှတိုက်နေရင်းနဲ့ ပါးစပ်က တစ်ခုခုကို မကျေမနပ်ဖြစ်ပြီး တတွတ်တွတ် ရေရွတ်ပြောနေပါတယ်။

စတီဖင်က သူ့ကို မေးလိုက်တယ်။

- “ဘာဖြစ်နေတာလဲဗျ”

- “ငါ့လွှသွားတွေ တုံးနေလို့ကွာ။ ဒီသစ်ပင်ကို ဖြတ်နေတာ ၃ နာရီတောင် ကြာနေပြီ။ ပင်စည်တစ်၀က်တောင် ဖြတ်မရလို့ စိတ်ပျက်နေတာပါ”

- “ဒါဆိုလည်း ခင်ဗျားလွှသွားတွေကို သွေးလိုက်ပါလားဗျ”

- “အဲဒါဆိုရင် ငါ လွှတိုက်နေတာကို ရပ်လိုက်ရမှာပေါ့”

- “ဒါပေမဲ့ ခင်ဗျား လွှသွားတွေကို ထက်အောင် သွေးလိုက်ရင် အရင်ထက် သစ်ပင်ကို ဖြတ်ရာမှာ ပိုမြန်ပြီး ပိုလည်း သက်သာလာမှာပေါ့ဗျာ”

- “ငါ့မှာ လွှတိုက်တာကို ရပ်ဖို့ အချိန်မရှိပါဘူးကွာ”

စတီဖင်လည်း ခေါင်းမာတဲ့ ဒီသစ်ခုတ်သမားကို စကားဆက်ပြောလည်း အကျိုးထူးမှာ မဟုတ်လို့ အဲဒီနေရာက ခွာပြီး သူ့ခရီးကို ဆက်သွားလိုက်တယ်။

ငါ ဘာကြောင့် ဒီအကြောင်းလေးကို ပြောပြရတာလဲဆိုတော့ မင်းတို့အားလုံးနဲ့ သက်ဆိုင်နေလို့ပါ။ မင်းတို့ဟာ သစ်ခုတ်သမားတွေ မဟုတ်ကြဘူးဆိုတာကို ငါ သိပါတယ်။ ဒါပေမဲ့ မင်းတို့လည်း သစ်ခုတ်သမားလို ပြုမူနေတတ်ကြလို့ ငါ ပြောပြချင်တာပါ။

သစ်ခုတ်သမားဟာ သူ့လွှကို သွေးလိုက်ရင် သစ်ပင်ကို ပိုမြန်မြန်နဲ့ သက်သက်သာသာ ဖြတ်နိင်မယ်မှန်း သိပေမယ့် လွှတိုက်နေတာကို မရပ်ဘဲ ဆက်လုပ်နေတယ်။ ပြီးတော့ သစ်ပင်ကို ဖြတ်မရဖြစ်နေလို့ စိတ်တိုနေတယ်။

မင်းတို့လည်း အလုပ်တွေကို ကြိုးစားလုပ်တယ်။ အလုပ်ကို ပိုပြီး ထိထိရောက်ရောက် လုပ်နိုင်အောင် သက်ဆိုင်တဲ့ သင်တန်း တက်ပါလားဆိုတော့ မင်းတို့က အချိန်မရှိဘူးလို့ ပြောကြတယ်။ နောက် ရာထူးမတက် လစာမတိုးတော့ ကံကို အပြစ်ပုံချကြတယ်။

အသိဥာဏ်ပညာ တိုးတက်အောင် စာတွေ ဖတ်ပါဆိုတော့ အချိန်မရှိဘူးလို့ ပြောကြတယ်။ မင်းတို့ သူငယ်ချင်းတွေဟာ စာတွေ ဖတ်ရင်း မင်တို့ထက် ဘ၀အခြေအနေ အများကြီး သာသွားတာကို အားကျပြီး ငေးကြည့်နေကြတယ်။

မင်းတို့ရဲ့ အရည်အချင်း တိုးတက်လာစေဖို့ လိုအပ်တဲ့ လေ့လာသင်ယူမှုတွေကို လုပ်ရမှာကို အဲဒီအတွက် အချိန်မရှိဘူးဆိုရင်တော့လည်း ကိုယ်ဖြစ်ကိုယ်ခံပေါ့ကွာ။ နောင်မှ ငါ ကံမကောင်းဘူးလို့ မညည်းတွားပါနဲ့။ အသက်ကြီးမှ နောင်တ မရပါနဲ့။

image