CapCut နဲ့အပြိုင် Edits app သစ် Meta ကြေညာ
အမေရိကန်မှာ TikTok တိုင်ပတ်နေချိန် Meta က နေရာယူဖို့ ပြင်နေပါတယ်။ အဲ့အတွက်လည်း အစောကြီးကတည်းက TikTok အနေအထားကို Meta က စောင့်ကြည့်နေပုံပါပဲ။
ဒီတစ်ပတ် တနင်္ဂနွေနေ့က TikTok နဲ့ တစ်ဆက်တည်း CapCut လည်း App Store တွေကနေ ဖယ်ရှားခံခဲ့ရပါတယ်။ App Stores တွေပေါ်က TikTok ပြုတ်ကျတာနဲ့ ချက်ချင်းဆိုသလို products သစ်ကို Instagram က ကြေညာပါတယ်။
CapCut အစား သုံးနိုင်မယ့် Edits ဆိုတဲ့ Video Editing App ပါ။ TikTok မှာ ဗွီဒီယိုတင်ဖို့ Edit ဖြတ်တဲ့ CapCut ကလည်း TikTok နဲ့ တစ်ကုမ္ပဏီတည်း ဖြစ်တဲ့ ByteDance က ပိုင်တာပါ။ အခု Instagram က ထုတ်မယ့် Edits က CapCut clone လို့ ပြောနိုင်ပါတယ်။
ဖုန်းပေါ်မှာတင် ပေါ့ပေါ့ပါးပါး ဗွီဒီယို edit လုပ်နိုင်မယ့် app ဖြစ်ပြီး creative tools တွေလည်း ထည့်ပေးထားသလို edit အကြမ်းကို သူငယ်ချင်းတွေဆီ ပြန် share လို့လည်း ရနိုင်မယ်လို့ ပြောပါတယ်။
လောလောဆယ်တော့ Edits app က နောက်လထဲမှ iOS ပေါ် ရောက်မှာပါ။ Android Version ကိုတော့ iOS app ထွက်ပြီးမှ ကြေညာဖို့ ရှိပါတယ်။ ကုမ္ပဏီက creators တချို့နဲ့ လက်တွဲပြီး app feedback တောင်းထားတယ်လို့လည်း ပြောပါတယ်။ Meta က TikTok ကို လိုက်တုတာ အခုမှ မဟုတ်ပါဘူး။
၂၀၂၀ မှာ Instagram က Reels ဆိုပြီး ဗွီဒီယိုတိုလေးတွေ စဖြန့်ချိပါတယ်။ Reels က Instagram နဲ့ Facebook ပေါ်မှာ လူကြိုက်အများဆုံး feature ဖြစ်လာခဲ့ပါတယ်။ TikTok သာ အမေရိကန်မှာ မရှိတော့ရင် Instagram Reels ကြည့်မယ့်သူတွေ ပိုများလာမှာပါ။
TikTok ရဲ့ အမေရိကန်အနာဂါတ်က ယတိပြတ်ပြောလို့မရသေးပါဘူး။ သမ္မတသစ် ထရမ့်ကတော့ TikTok ကို အမေရိကန်မှာ ဆက်ရှိနေစေချင်ပုံပါပဲ။
