#ယနေ့ထုတ်သတင်းစာ_သတင်း
◾️တာ့ခ်ခရိုင်တွင် မြန်မာဘက်သို့ပို့မည့် စက်သုံးဆီများတင်ဆောင်လာသည့် ကားတစ်စီးအား ထပ်မံဖမ်းဆီး
တာ့ခ်ခရိုင် မဲရမတ်မြို့နယ်တွင် ဖေဖော်ဝါရီ ၉ ရက်နံနက်ပိုင်းက မြန်မာဘက်သို့ပို့မည့်စက်သုံးဆီများ တင်ဆောင်လာသည့်ပစ်ကပ်ထရပ်ကားတစ်စီးအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထိုင်းစစ်တပ်၊ ရဲတပ်ဖွဲ့၊မဲဆောက်မြို့ အကောက်ခွန်ဌာနတာဝန်ရှိသူများနှင့် နယ်မြေတာဝန်ရှိသူများ ပူးပေါင်းစစ်ဆေးခဲ့ရာ ပစ်ကပ်ထရပ်ကားတစ်စီးပေါ်တွင်အသက် (၃၁)နှစ်အရွယ်ရှိ ယာဉ်မောင်းနှင့် စက်သုံးဆီ ၁၀ဂါလန်၊ ဓာတ်ဆီ ၉၁ လီတာနှင့် ဒီဇယ် ၁၁၄ ဒသမ ၈၃၇လီတာတို့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိသူများအား စစ်ဆေးမှုများအရ ယာဉ်မောင်းသည် ဓာတ်ဆီဆိုင်တစ်ဆိုင်မှ ဝယ်ယူခဲ့ပြီး နောက်သောင်ရင်းမြစ်ကမ်းနားရှိ ဆိပ်ခံသို့ ပို့ဆောင်ပေးရမည်ဖြစ်ပြီး ယင်းမှတစ်ဆင့် လက်ခံမည့်သူက မြန်မာနိုင်ငံ ကရင်ပြည်နယ်ဘက်သို့ ပို့ဆောင်ရမည်ဖြစ်ကြောင်း ဝန်ခံထားကြောင်းသိရသည်။
ဖေဖော်ဝါရီ ၈ ရက် ညပိုင်းက ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ဖုတ်ဖရမြို့နယ်၌ ငွေရောင်တိုယိုတာကားတစ်စီးအားထိုင်းစစ်တပ်၊ ရဲတပ်ဖွဲ့နှင့် အာဏာပိုင် အဖွဲ့များ ပူးပေါင်း၍စစ်ဆေးခဲ့ရာ ကားပေါ်တွင် ဒီဇယ်ဆီ ၆၀၀ လီတာကို တွေ့ရှိဖမ်းဆီးခဲ့ကြောင်း သိရ သည်။
လက်ရှိတွင် ထိုင်းနိုင်ငံအစိုးရက မြ၀တီဘက်ခြမ်းသို့စက်သုံးဆီ ပို့ဆောင်မှု ကန့်သတ်လိုက်သောကြောင့် မြန်မာဘက်သို့ပို့မည့် ဆီကား ၄၀ ကျော်မှာ စစ်ဆေးရေးဂိတ်များနှင့် ဆိပ်ကမ်းများတွင် သောင်တင်နေခဲ့ပြီး နယ်စပ်တစ်လျှောက် မှောင်ခိုတင်ပို့ ခြင်းမပြုရန် လုံခြုံရေးအဖွဲ့များကတင်းကျပ်ထားကြောင်း သိရသည်။
