11 w - Translate

#နိုင်ငံတကာသတင်း
◾️TikTok အား ဝယ်ယူရန် အစီအစဉ်မရှိကြောင်း အီလွန်မာ့စ်ပြော

တရုတ်ကုမ္ပဏီ ByteDance ကြောင့် အမျိုးသားလုံခြုံ‌ရေးစိုးရိမ်မှုများနှင့်အတူ အမေရိကန်အစိုးရက ပိတ်ပင်ရန်ကြိုးစားနေသည့် လူကြိုက်များသော ဗီဒီယိုရုပ်သံအတိုလေးများ မျှဝေသည့် TikTok ကို ဝယ်ယူရန် အစီအစဉ်မရှိကြောင်း အမေရိကန်ဘီလျံနာသူဌေး အီလွန်မာ့စ်က ပြောကြားသည်။

“TikTok ကို ဝယ်ယူဖို့ အဆိုပြုထားတာမရှိပါဘူး။ ကျွန်တော်သာ TikTok ကို ရရှိခဲ့ရင် ဘာလုပ်ရမယ်ဆိုတဲ့ အစီအစဉ်လည်း မရှိပါဘူး။” ဟု အီလွန်မာ့စ် ကပြောကြားပြီး ကုမ္ပဏီများကို ဝယ်ယူခြင်းထက် အသစ်က စတင်တည်ဆောက်ရသည်ကို ပိုမိုနှစ်သက်ကြောင်း ဖွင့်ဟခဲ့သည်။”

ယင်းအက်ပလီကေးရှင်းအား အီလွန်မာ့စ်က ဝယ်ယူရေးကိုလမ်းဖွင့်ထားကြောင်း သမ္မတ‌ဒေါ်နယ်ထရန့်က ပြောကြားပြီး သီတင်းတစ်ပတ်အကြာ ဇန်နဝါရီ ၂၈ ရက်တွင် ဂျာမနီနိုင်ငံ၌ ပြုလုပ်သည့် WELT စီးပွားရေးထိပ်သီးဆွေးနွေးပွဲသို့ အွန်လိုင်းမှ တစ်ဆင့် အီလွန်မာ့စ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

X ဟုနောက်ပိုင်းတွင် အမည်ပြောင်းလဲခဲ့သော တွစ်တာ လူမှုကွန်ရက်ကိုလည်း လွတ်လပ်စွာပြောဆိုခွင့်အပေါ် စိုးရိမ်မှုများကြောင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း မာ့စ် က ပြောသည်။

TikTok အား တရုတ်နိုင်ငံအခြေစိုက် ByteDance ကုမ္ပဏီက ပိုင်ဆိုင်ပြီး ယင်းကုမ္ပဏီမှာတရုတ်ကွန်မြူနစ်ပါတီနှင့် ချိတ်ဆက်ထားကာတရုတ်အစိုးရအတွက် ထောက်လှမ်းရေးနှင့် အချက်အလက်စုဆောင်းရေး အရင်းအမြစ်အဖြစ် လုပ် ကိုင်ပေးနေကြောင်း စွပ်စွဲခံထားရသည်။

သို့ရာတွင် ထိုကဲ့သို့ လုပ်ဆောင်ခြင်းမရှိကြောင်း TikTok က ငြင်းဆိုထားသည်။

အဆိုပါဆိုရှယ်မီဒီယာကုမ္ပဏီသည် အမေရိကန်နိုင်ငံတွင်ဒေါ်လာ ၄၀ နှင့် ၅၀ ဘီလီယံ အကြား ပိုင်ဆိုင်မှု ရှိကြောင်း CNN စီးပွားရေးသတင်း က ခန့်မှန်းထား သည်။

ဇန်နဝါရီ ၁၉ ရက်တွင် ပိတ်ပင်ရမည့် TikTok အား ဒေါ်နယ်ထရန့်က သမ္မတလုပ်ပိုင်ခွင့်အမိန့်တစ်ရပ်ဖြင့် ယာယီဆိုင်းငံ့ထားခဲ့သည်။

သို့ရာတွင် အက်ပဲလ် နှင့် ဂူဂဲလ် တို့ကမူ TikTok အား ၎င်းတို့၏ အက်ပလီကေးရှင်းစတိုးများတွင် ပြန်လည်ထည့်သွင်းထားခြင်းမရှိကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။

အမေရိကန်နိုင်ငံတွင် သုံးစွဲသူ သန်း ၁၇၀ ရှိသော TikTok အား ဝယ်ယူ‌ရေးနှင့် ပတ်သက်၍ လူအများအပြားနှင့် ပြောဆိုနေကြောင်း ‌ဒေါ်နယ်ထရန့် က ပြောကြားထားကာ ယင်းအက်ပ် ၏ အနာဂတ်နှင့်ပတ်သက်၍ ယခုလအတွင်း ဆုံးဖြတ်သွားဖွယ်ရှိကြောင်း ဆိုသည်။

တရုတ်အခြေစိုက် ByteDance ကုမ္ပဏီကမူ TikTok အား ရောင်းချသွားရန် အစီအစဉ်ရှိကြောင်း ယခင်က ပြောကြားထားသည်။

image