YBS ပေါ်က ခါးပိုက်နှိုက် ၁၂၀ ကို နှစ်ပတ်ကျော်အတွင်း ဖမ်းဆီး၊ ဖုန်း ၂၈၂ လုံးအပြင် ငွေကျပ် ၁၀ သိန်းနဲ့ ကားတစ်စီးပါ သက်သေခံအဖြစ် ဖမ်းမိ
ဖေဖော်ဝါရီ ၉
YBS ပေါ်က ခါးပိုက်နှိုက် ၁၂၀ ကို နှစ်ပတ်ကျော်အတွင်း ဖမ်းဆီးလိုက်နိုင်ခဲ့ရာမှာ ဖုန်း ၂၈၂ လုံးအပြင် ငွေကျပ် ၁၀ သိန်းနဲ့ ကားတစ်စီးပါ သက်သေခံအဖြစ် ဖမ်းမိခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ တွဲဘက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က လူမှုကွန်ရက်မှာ ရေးသားဖော်ပြထားပါတယ်။
" ၁၄-၁-၂၅ မှ ၃၁-၁-၂၅ ထိ YBS ပေါ် ခါးပိုက်နှိုက်တရားခံ ၁၂၀ ဦး ဖမ်းဆီး။ သက်သေခံ ကား ၁ စီး၊ ဖုန်း ၂၈၂လုံး၊ အိတ် ၁၁ လုံး၊ ငွေ၁၀သိန်း။" လို့ ဦးလျန်ကျင့်မန်က အသိပေးထားပါတယ်။
ရန်ကုန်မြို့မှာ ဖေဖော်ဝါရီ ၇ ရက်စာရင်းအရ YBS ယာဉ်လိုင်း ၁၃၂ လိုင်းက ယာဉ်အစီးရေ ၃၆၃၀ နဲ့ ပြေးဆွဲပေးခဲ့ပြီး ခရီးသည် ၁၄၉၈၀၃၆ ဦး စီးနင်းခဲ့သလို YBS စီးသူတွေ စုဖွဲ့ထားတဲ့ Group တွေမှာ ခါးပိုက်နှိုက်တွေကြောင့် ဖုန်း၊ မှတ်ပုံတင်၊ ငွေသား၊ ဘဏ်ကတ် စတာတွေ ဆုံးရှုံးရမှုအပြင် ရန်ပြုမှုတွေပါကြုံနေရတယ်လို့ ခရီးသည်တွေက မကြာခဏရေးသားကြတာတွေ့လည်း တွေ့ရှိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်နေ့မှာ ဗိုလ်ချုပ်စျေးသစ်ရှေ့တာဝန်ချထားတဲ့ YRTC စစ်ဆေးရေးဝန်ထမ်း ၂ ဦးကို ခါးပိုက်နှိုက်အဖွဲ့က အလုပ်လုပ်လို့မရတာကြောင့် ဓားနဲ့ ထိုးသတ်မယ်လို့ ခြိမ်းခြောက်မှုဖြစ်ခဲ့ပြီး ဒီလိုခြိမ်းခြောက်တာကြောင့် လိုက်လံဖမ်းဆီးရာမှာ ဇန်နဝါရွ ၂၀ ရက်နေ့မှာပဲ ခြိမ်းခြောက်သွားတဲ့ ခါးပိုက်နှိုက် ငြိမ်းချမ်း(ဘ) ဦးတင်ရွှေ အသက် (၄၀) ရွှေအောက်ရုံရပ်ကွက်၊ ကြည့်မြင်တိုင်နေသူနဲ့ ဇန်နဝါရီ ၂၃ ရက်မှာ ခါးပိုက်နှိုက် လင်းလင်း(ဘ)ဦးမောင်စန်း မ/၁၈ ဆိပ်ကမ်းသာလမ်း (၆၇)ရပ်ကွက် ဒဂုံဆိပ်ကမ်းနေသူတို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးမိအပြီး YBS ပေါ်က ခါးပိုက်နှိုက်တွေကို စီမံချက်နဲ့ ဖမ်းဆီးရှင်းလင်းရာမှာ ခါးပိုက်နှိုက်ပေါင်း ၁၂၀ ကို သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းမိခဲ့တာပဲ ဖြစ်ပါတယ်။
#သတင်းဟင်းလေးအိုးကြီး


