ပြည်တွင်း၌ ဘိလပ်မြေ တိုးမြှင့်ထုတ်လုပ်နိုင်ရန် ဘိလပ်မြေစက်ရုံများအတွက် လိုအပ်သောကုန်ကြမ်း ကျောက်မီးသွေးများ ပြည်ပမှ တင်သွင်းခွင့်ပြုမည်

ဖေဖော်ဝါရီ ၈
ပြည်တွင်း၌ ဘိလပ်မြေများ တိုးမြှင့်ထုတ်လုပ်နိုင်ရန် ပြည်တွင်းရှိ ဘိလပ်မြေစက်ရုံများအတွက် လိုအပ်သောစက်မှုကုန်ကြမ်း ကျောက်မီးသွေးများကို ဖေဖော်ဝါရီလမှစတင်၍ ပြည်ပမှ တင်သွင်းခွင့်ပြုသွားမည်ဖြစ်ကြောင်း ဘိလပ်မြေတင်သွင်းမှုနှင့်သက်ဆိုင်သည့် တာဝန်ရှိသူများက ယမန်နေ့တွင် အသိပေးထုတ်ပြန်ထားသည်။

ပြည်တွင်းရှိစက်ရုံများ၏ ကုန်ထုတ်လုပ်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရန်နှင့် ဘိလပ်မြေစက်ရုံများ စဉ်ဆက်မပြတ် ကုန်ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သော စက်မှုကုန်ကြမ်းဖြစ်သည့် ကျောက်မီးသွေးများအား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ ပြည်ပမှ တင်သွင်းခွင့်ပြုပေးမည် ဖြစ်ကြောင်းနှင့် လိုအပ်သော ဘိလပ်မြေစက်ရုံများအနေဖြင့် သွင်းကုန်လိုင်စင်များ လျှောက်ထားနိုင်ကြောင်း အသိပေးထားသည်။

ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် နိုင်ငံတစ်ဝန်းတွင် ဆောက်လုပ်ရေးလုပ်ငန်းများအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ဆောက်လုပ်ရေးလုပ်ငန်းများအတွက် ပြည်တွင်း ဘိလပ်မြေ ထုတ်လုပ်မှုများကို အားဖြည့်ရန်အတွက် ကော့သောင်းနယ်စပ် ကုန်သွယ်ရေးစခန်းမှ လည်းကောင်း၊ ပင်လယ်ရေကြောင်းမှလည်းကောင်း ဘိလပ်မြေများအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ နောက်ဆုံးအပတ်မှစတင်၍လည်း တင်သွင်းခွင့်ပြုခွင့်ထားသည်။

#သတင်းဟင်းလေးအိုးကြီး

image