မင်္ဂလာဒုံမြို့နယ်တွင် လင်မယားနှစ်ဦး စကားများရန်ဖြစ်၍ မီးခြစ်လုမီးရှို့ရာမှ ဇနီးဖြစ်သူ မီးလောင်သေဆုံး
ဖေဖော်ဝါရီ ၇
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြိုနယ်တွင် အမျိုးသားဖြစ်သူ အရက်သောက်သည်ကို မကြိုက်၍ စကားများ ရန်ဖြစ်ပြီး မီးခြစ်လု မီးရှို့ရာမှ ဇနီးဖြစ်သူမီးလောင်သေဆုံး၍ အမျိုးသားမှာ မီးလောင်ဒဏ်ရာအပြင်းအထန် ရရှိခဲ့ ကြောင်း မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းထံမှ သိရသည်။
အဆိုပါဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၆ ရက်၊ နံနက် ၁ နာရီအချိန်ခန့်က မင်္ဂလာဒုံမြို့နယ်၊ ဧကရာဇ်ရပ်ကွက်၊ ရန်ကုန်-ပဲခူး လမ်းမကြီးဘေးရှိ လယ်တဲတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အမျိုးသားဖြစ်သူက အရက်သောက်လို့ မိန်းမက မကြိုက်ရာကနေ စကားများရန်ဖြစ်ကြတာ။ အဲဒီကနေ နင်ရှို့ မယ် ငါရှို့မယ်နဲ့ မီးခြစ်ကို လုတယ်။ အဲဒီတော့ ယောက်ျားက မူးပြီးတော့ မီးခြစ်ကိုပေးလိုက်တယ်။ ပေးလိုက်တဲ့ အချိန်မှာ မိန်းမက တစ်အိမ်လုံးကို ဓာတ်ဆီနဲ့ဖြစ်ဖြစ်၊ ဒီဇယ်တွေနဲ့ဖြစ်ဖြစ် ပက်ထားတယ်ပေါ့နော်။ ဓာတ်ဆီပုံးတွေ နဲ့လျှောက်ဖြန်းတော့ အောက်တွေကို၊ မြေကြီးတွေပေါ် ကိုလည်း အစက်တွေကျတယ်။ ဟိုလိုဒီလိုတွေနဲ့ ဆီနဲ့ လိုက်ပက်တာ။ မိန်းမက တကယ် ရှို့ချလိုက်တယ်။ ရှို့လိုက်တဲ့အချိန်မှာ ဝုန်းဆိုပြီး ထလောင်တယ်။ ထလောင် တော့ သူ့(မိန်းမ)ကိုလည်း လောင်တယ်။ အဲဒီမှာ ယောက်ျားကလည်း ထွက်ပြေးတော့ လွတ်တယ်။ မိန်းမက သူကိုယ်တိုင်ရှို့ပြီး မီးလောင်ပြီး သေသွားတယ်” ဟု မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ မီးလောင်သွားသောတဲမှာ ဆယ်ပေပတ်လည်ရှိ လယ်တဲမျိုးဖြစ်ပြီး အမျိုးသမီးမှာ မီးလောင်ဒဏ်ရာများဖြင့် ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။
“သူတို့နေတဲ့တဲက ဆယ်ပေပတ်လည် တဲမျိုးလေးတော့ ရှိတယ်။ လယ်ကွင်းထဲမှာ။ လူသူလည်း နည်းနည်းတော့ ဝေးတယ်။ ဖြစ်တာလည်း မြန်ဆန်တယ်။ လယ်ကွင်းထဲဆိုတော့ လေတိုက်အားလည်း အရမ်းကောင်းတယ်” ဟု အခြားမီးသတ်ဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
မီးလောင်သေဆုံးသူအမျိုးသမီးမှာ အသက်(၄၇)နှစ်အရွယ်ရှိပြီး အသက် (၄၀)အရွယ်ရှိ ၎င်း၏ အမျိုးသားမှာလည်း မီးလောင်ဒဏ်ရာများ ပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။
၎င်းတို့မှာ အဆိုပါတဲသို့ လယ်ထွန်ရန် ရောက်ရှိနေခြင်းဖြစ်ပြီး သေဆုံးသူရုပ်အလောင်းနှင့် ဒဏ်ရာရရှိသူတို့ကို အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးထားကြောင်း မင်္ဂလာဒုံမီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောသည်။
#centralnewsnaypyitaw
