12 w - Translate

ယခုလအတွင်း စက်သုံးဆီတင်သင်္ဘော ၂၉ စင်း ဝင်ရောက်ရန်ရှိ
ရန်ကုန်၊ ဖေဖော်ဝါရီ ၇
ယခုလအတွင်း မြန်မာနိုင်ငံကို ပြည်ပကနေ စက်သုံးဆီတင်သင်္ဘော ၂၉ စင်း ဝင်ရောက်ဆိုက်ကပ်ဖို့ရှိကြောင်း စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီကနေ သိရပါတယ်။
ပြည်ပကနေ စက်သုံးဆီတင်သင်္ဘောတွေ ကြိုတင်စီမံထားတဲ့အတိုင်း စဉ်ဆက်မပြတ် ဝင်ရောက်နေတာကြောင့် ပြည်တွင်းသုံးစွဲမှု လုံလောက်တဲ့အပြင် အရန်ဆီတွေ သိုလှောင်ထားလို့ ရောင်းဈေးနှုန်းတွေလည်း အရင်ကထက် ကျဆင်းလျက်ရှိတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ သီလဝါဆိပ်ကမ်းနယ်မြေက ဆီချဆိပ်ကမ်းတွေမှာ စက်သုံးဆီတင်သင်္ဘော ၆ စင်းနဲ့ ပင်လယ်ဝမှာ သင်္ဘော ၃ စင်း ရောက်ရှိနေပြီလို့ သိရပါတယ်။
လမ်းခရီးမှာ စက်သုံးဆီတင်သင်္ဘော ၁ စင်းနဲ့ ပြည်ပနိုင်ငံမှာ စက်သုံးဆီတင်ဆောင်နေတဲ့ သင်္ဘော ၁၀ စင်း အသင့်ဖြစ်နေတာကြောင့် ဖေဖော်ဝါရီလအတွင်း သင်္ဘော ၂၉ စင်း စဉ်ဆက်မပြတ် တင်သွင်းဖို့ ကြိုတင်စီမံဆောင်ရွက်ထားကြောင်း ကော်မတီက ပြောပါတယ်။
ဒါ့အပြင် ပြည်တွင်းစားသုံးဆီ ဖူလုံမှုရှိစေဖို့ နေ့စဉ်သုံးစွဲမှုပမာဏအပြင် အရန်ဆီအနေနဲ့ တစ်လစာခန့် တင်သွင်းသိုလှောင်ထားရှိကာ သီလဝါကနေ နိုင်ငံအဝှမ်းကို ဆီတင်ယာဉ်တွေနဲ့ ဖြန့်ဖြူးရောင်းချပေးနေကြောင်း သိရပါတယ်။
ကော်မတီရဲ့ ထုတ်ပြန်ချက်အရ ဒီနေ့မှာ ရန်ကုန်အထိုင် စက်သုံးဆီဈေးနှုန်းတွေ အနည်းငယ် ကျရိပ်ပြလာတာကို တွေ့ရပါတယ်။
ဓာတ်ဆီ 92 Ron က တစ်လီတာ (၂၀) ကျပ်၊ 95 Ron က တစ်လီတာ (၄၀) ကျပ်၊ ရိုးရိုးဒီဇယ်က တစ်လီတာ (၈၅) ကျပ်၊ ပရီမီယံဒီဇယ်က တစ်လီတာ (၁၁၅) ကျပ် အသီးသီး ကျဆင်းသွားပါတယ်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကလည်း နိုင်ငံခြားငွေကြေးဈေးကွက်မှာ စက်သုံးဆီလုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာ ၂၃ သန်း ရောင်းချပေးမယ်လို့ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ကြေညာထားပါတယ်။

image