" လွယ်ကူမြန်ဆန်တဲ့ ကြက်ခြေထောက်အရိုးလွတ် 
ပဲကြာဇံသုပ် ပြုလုပ်နည်း " 
 
လိုအပ်သောပစ္စည်းများ ကြက်ခြေထောက်၊ ရှာလကာရည်(vinegar)၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ 
၊ သံပုရာရည်၊ ငါးငံပြာရည်၊ အသားမှုန့်၊ ငရုတ်သီးအကျက်မှုန့်၊ နံနံပင်၊ ကြက်သွန်မြိတ် နဲ့ ငရုတ်သီးစိမ်း ဖြစ်ပါတယ်။ 
 
(၁)ကြက်ခြေထောက် ၁၅ ချောင်းကို ရှာလကာရည် ထမင်းစားဇွန်း ၁ဇွန်းခွဲ နဲ့ ရေမြှုပ်အောင် ထည့်ပြီး အိုးအဖုံး အနည်းငယ်ဟပြီး ပြုတ်ပေးပါ။ ၁၅ မိနစ် နှင့် မိနစ် ၂၀ ကြား ပြုတ်ပြီးလျှင် အိုးပေါ်မှချပြီး ရေစစ်ပါ။ (နူးအိသွားအောင် မပြုတ်ရပါ။) 
 
(၂) ပြုနေစဉ် ရေဇလုံတစ်ခုထဲမှာ ရေခဲတုံးများထည့်ပြီး အေးခဲအောင်ပြုလုပ်ကာ အဆင်သင့်ထားရှိပါ။ 
ရေခဲစိမ်ထားတဲ့ ရေဇလုံထဲ ကြက်ခြေထောက်ပြုတ်များ ထည့်ပေးပါ။ ပူနေရာမှ အအေးသွားသဖြင့် ကျုံ့ပြီးမာသွားကာ အသားခွါရလွယ်ကူသွားစေပါတယ်။ 
 
(၃) ဓါးဦးချွန်ကို သုံးပြီး ခြေခလယ်အောက်၊ ခြေဖဝါးနေရာမှစကာ အရိုးကိုထိပြီး လှီးချပေးပါ။ ပြီးလျှင် ဘေးတစ်ဖက်စီကိုခွါချပေးပြီး ပေါ်လာသည့် အလယ်ရိုးအကြီးကို ချိုးလိုက်ပါ။ 
 
(၄) အလယ်ရိုးအကြီးချိုးပြီးလျှင် ခြေချောင်းကလေးများ၏ အလယ်နေရာများကို ဓါးဖြင့်ခွဲပြီး အရိုးအသေးလေးများကို ထုတ်ပေးပါ။ ကျန်သည့် ခြေထောက်များအားလုံးကို ဤနည်းအတိုင်း အရိုးထုတ်ပေးပါ။ 
 
(၅) ကြက်ခြေထောက်များကို အရိုးထုတ်ပြီးတဲ့အခါ အသုပ်သုပ်ဖို့အတွက် ခရမ်းချဉ်သီး ၃လုံးကို ရေဆေးပြီး အစေ့ထုတ်ကာ ပါးပါးလှီးပါ။ ကြက်သွန်နီ၂လုံးကိုလည်း ပါးပါးလှီးပါ။ 
 
သံပုရာရည် ထမင်းစားဇွန်း ၂ ဇွန်းခွဲ၊ ငါးငံပြာရည် ထမင်းစားဇွန်း ၅ ဇွန်း၊ အသားမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ ၊ ငရုတ်သီးအကျက်မှုန့် အနည်းငယ် ထည့်ပြီး သုပ်နိုင်ပါပြီ။ နံနံပင်၊ ပြုတ်ထားသော ပဲကြာဇံ ကြက်သွန်မြိတ် နှင့် ငရုတ်သီးစိမ်း တို့ကို နှစ်သက်သလို ထည့်နိုင်ပါတယ်။ 
 
ချဉ်ချဉ် ငံငံ စပ်စပ် စားကောင်းလှသော ကြက်ခြေထောက်သုပ်လေး ပြီးပါပြီ။ 
အရည်သောက်လေးလဲရ ခံတွင်းလည်း လိုက်တော့ ထမင်းစားမြိန်တာပေါ့...