ပြောင်းဆံတင်ကုန်ကားပေါ် ပုန်းအောင်းလိုက်ပါလာသည့် မြန်မာနိုင်ငံသား ၈ ဦး မဲဆောက် စစ်ဆေးရေးဂိတ်၌ ဖမ်းဆီးခံရ

ဖေဖော်ဝါရီ ၇

ထိုင်းနိုင်ငံသို့ တရားမဝင်သွားရောက်သည့် မြန်မာနိုင်ငံသား ၈ ဦးကို ပြောင်းဆံတင်ကုန်ကားပေါ် ပုန်းအောင်း လိုက်ပါလာစဉ် ထိုင်းနိုင်ငံ၊ တက်ခ်ခရိုင်၊ မဲဆောက်မြို့ပြင်ရှိ ဟွေ့ဟင်ဖွန်စစ်ဆေးရေးဂိတ်၌ ထိုင်းနိုင်ငံ သက်ဆိုင်ရာအဖွဲ့က ဖမ်းမိထားကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၆ ရက် နံနက်က အမျိုးသား ၆ ဦး၊ အမျိုးသမီး ၂ ဦး တို့ကို အဆိုပါ ကုန်ကားပေါ်တွင် စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းအာဏာပိုင်များကို ကိုးကား၍ ဒေသတွင်း သတင်းများက ရေးသား ဖော်ပြထားကြသည်။

အဆိုပါ ၈ ဦးမှာ မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ တရားမဝင် လမ်းကြောင်းကတစ်ဆင့် ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်ကို ဝင်ရောက်ခြင်းဖြစ်ကြောင်း၊၎င်းတို့ကို တင်ဆောင်လာသည့် ထိုင်းနိုင်ငံသား ယာဉ် မောင်းကိုလည်း ဖမ်းဆီးရမိထားကြောင်း သိရသည်။

စစ်ဆေးချက်များအရ အဖမ်းခံရသူများက ၎င်းတို့မှာ ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ခရိုင်သို့ သွားရောက်၍ အလုပ်လုပ်ကိုင်ကြရန် လာရောက်ကြခြင်းဖြစ်သည်ဟု ဝန်ခံထွက်ဆိုကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

ယခုအခါ ဖမ်းဆီးရမိထားသော မြန်မာနိုင်ငံသား ၈ ဦး နှင့် ယာဉ်မောင်းဖြစ်သူ ထိုင်းနိုင်ငံသားတို့ကို မဲဆောက်ရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်းထားပြီး ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံသို့ မြန်မာနိုင်ငံသားများအနေဖြင့် တရားမဝင်သွားရောက်ရာတွင် ပြောင်းဆံတင်ကုန်ကားပေါ်ပုန်း အောင်းလိုက်ပါကြခြင်းမှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ နှင့် ဖေဖော်ဝါရီလအတွင်း နှစ်ကြိမ် ရှိပြီ ဖြစ်ကြောင်း၊ပထမ တစ်ကြိမ်မှာ ပြောင်းဆံအိတ်ပေါ်လိုက်ပါလာသည့် မြန်မာနိုင်ငံသား ၂၆ ဦးဖြစ်ပြီး ယင်းတို့ကို ဇန်နဝါရီလ ၂၉ ရက်က ဟွေ့ဟင်ဖွန်စစ်ဆေးရေးဂိတ်၌ပင် စစ်ဆေးစဉ် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

image
image
image