လျှပ်စစ်ဒယ်နီအိုး အပူလွန်ကဲရာက ဒလမှာ လူနေအိမ် ၅ လုံးနီးပါး မီးလောင်
ဖေဖော်ဝါရီ ၇
ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်၊ အဲမွန်ဒရာ (၉) လမ်းရှိ နေအိမ်တစ်လုံးတွင် ဖေဖော်ဝါရီလ ၅ ရက် ည ၇ နာရီ ၅၆ မိနစ်ခန့်အချိန်က
လျှပ်စစ်ဒယ်နီအိုး အပူလွန်ကဲရာမှ လူနေအိမ် ၅ လုံး နီးပါး မီးလောင်ဆုံးရှုံးခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။
မီးလောင်မှုမှာ အလျား ၁၀ ပေ၊ အနံ ပေ ၄၀ ရှိ သွပ်မိုး၊ထရံကာ၊ ပျဉ်ခင်း ၁ ထပ်နေအိမ်၌ စတင်ဖြစ်ပွားခဲ့ပြီး မိနစ်၂၀ ကျော် ကြာမြင့်သော မီးလောင်မှုကြောင့် တစ်ထပ်လူနေအိမ် ၁ လုံး၊ ၂ ထပ် လူနေအိမ် ၃ လုံးနှင့် ၂ ထပ်လူနေအိမ်တစ်ခြမ်း မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးလောင်မှုကို မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ မီးသတ်စက်ယာဉ် ၁ စီး၊ ရေသယ်ယာဉ်၂ စီးနှင့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် ၄၈ ဦးဖြင့် မိနစ်၂၀ ကျော်ကြာ ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
နေအိမ် ၅ လုံးနီးပါး မီးလောင်မှုကြောင့် အသက် ၅၆ နှစ်အရွယ် ဒေါ်မြင့်မြင့်ခိုင်ကို ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် ဒလမြို့နယ်ရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
အလားတူ ဖေဖော်ဝါရီလ ၃ ရက် နံနက် ၁၁ နာရီကျော်က တပင်ရွှေထီးရပ်ကွက်၊ မဟာဗန္ဓုလမ်းနှင့် ဆင်ဖြူရှင်လမ်းထောင့်ရှိ တော်ဝင်နှင်းဆီ အဆင်မြင့်တည်းခိုခန်းနှင့် မိသားစု ကာရာအိုကေဆိုင်တွင် Aircon Safeguard အပူလွန်ကဲရာမှ အောက်ရှိဆိုဖာပေါ် မီးပွားကျကာ မီးလောင်မှုဖြစ်ပွားခဲ့ရာ လျှပ်စစ်ဝါယာကြိုး၊ ဆိုဖာနှင့် ကာရာအိုကေစက်တို့ မီးလောင်ခဲ့သဖြင့် အသက် ၅၆ နှစ်အရွယ် ဒေါ်ဥမ္မာလင်းကို ရာဇသတ်ကြီးပုဒ်မ ၂၈၅ဖြင့် ဒလမြို့မရဲစခန်းက အမှုဖွင့်ထားသည်ဟု သိရသည်။
#သတင်းဟင်းလေးအိုးကြီး
