မူဆယ်မြို့ဒေသခံများအတွက် တရုတ်နိုင်ငံက နယ်စပ်ဖြတ်သန်းခွင့်စာအုပ်တစ်ခုလျှင် စားသောက်ကုန်ပစ္စည်း ၅ ကီလိုဂရမ် တင်သွင်းခွင့်ပြုထား
ဖေဖော်ဝါရီ ၆
မူဆယ်မြို့ဒေသခံများအတွက် တရုတ်နိုင်ငံက လက်ရှိတွင် မူဆယ်နယ်စပ်ဂိတ်မှတစ်ဆင့် နယ်စပ်ဖြတ်သန်းခွင့်စာအုပ်တစ်ခုလျှင် စားသောက်ကုန်ပစ္စည်း ၅ ကီလိုဂရမ် (5 Kg) ပေးသွင်းထားကြောင်း မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့အခြေစိုက် ပို့ကုန်/သွင်းကုန်လုပ်ငန်း လုပ်ကိုင်နေသူများထံမှ သိရသည်။
“ကျွန်တော်တို့ မူဆယ်ဘက်ကတော့နေမြဲပဲ။ ဘာမှပြောင်းလဲခြင်းမရှိဘူး။ တရုတ်ဘက်ကတော့ လူတစ်ယောက်ကို ဒီအတိုင်းစာအုပ်ရှိတဲ့သူပေါ့။ စာအုပ်ရှိတဲ့သူကို ၅ ကီလိုဂရမ် (5 Kg) ပေးတယ်။ သုံးပိဿာပေါ့။ စားသောက်ကုန်ပေါ့။ စာအုပ်ကတော့ မူဆယ်အိမ်ထောင်စုတွေလေ ကျွန်တော်တို့က နှစ် ၃၀ ကျော်နေပြီ။ နိုင်ငံတော်က သူတို့ရဲ့ မူဝါဒက အခုလိုတိုက်ပွဲမှာပေါ့။ အရင်တုန်းကတော့ လုပ်ပေးတယ်။ ဘယ်ဒေသကဖြစ်ဖြစ်ဝင်လို့ရတယ်။ ၁၀၂၇ ဖြစ်ပြီးတဲ့နောက်မှာ စာအုပ်တွေက အကုန်ကျပ်ညပ်ကုန်တယ်။ သူက မူဆယ်ခရိုင်အတွင်းသာ ပေးတော့တာ။ အဲဒါကိုပဲ နယ်စပ်ဖြတ်သန်းခွင့်စာအုပ်လုပ်ပေးတာ။ အဲဒီစာအုပ်တစ်အုပ်ကို 5 Kg ပေးသွင်းတယ်။ သွားနေတဲ့သူတွေကျတော့ တချို့ကလည်း အလုပ်မရှိတော့ စီးပွားရေးအနေနဲ့ အိမ်စားဖို့လည်းယူပေါ့။ တချို့ကလည်း ပြန်ရောင်းပေါ့” ဟု မူဆယ်မြို့ရှိ ပို့ကုန်/သွင်းကုန်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။
မကြာမီက ပြန်လည်ဖွင့်လှစ်ပေးထားသည့် နယ်စပ်ဂိတ်များကိုလည်း လက်ရှိတွင် တရုတ်နိုင်ငံက အခြေအနေအပေါ်မူတည်ကာ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် မြန်မာနိုင်ငံဘက်မှ ပဲ၊ ကြံနှင့် ပြောင်း စသည်တို့ကို ကျင်းစန်းကျော့နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့မှုရှိသော်လည်း အစိုးရချင်း G to G မဆောင်ရွက်နိုင်သေး၍ ဆုံးရှုံးမှုများရှိလာနိုင်သောကြောင့် တရုတ်ဘက်မှ အခြားကုန်ပစ္စည်းများ မြန်မာဘက်သို့ ဝင်ရောက်မှုမရှိသေးကြောင်း သိရသည်။
“ကျင်စန်းကျော့ကတော့ ပဲရယ်၊ ကြံရယ်၊ ပြောင်းရယ်ပို့တယ်။ ဟိုဘက်က ပို့ကုန်ကတော့ ဒီဘက်ကိုဝင်မလာဘူး။ ကျွန်တော်တို့အမြင်တော့ G to G မဟုတ်လို့ တရုတ်ကလည်း တရားဝင် မဖွင့်တာထင်တယ်။ မူဆယ်လိုနယ်စပ်ကြတော့လည်း ပတ်ပတ်လည်လည်က မဟာမိတ်က ထိန်းချုပ်ထားတာ။ မူဆယ်တစ်ခုတည်းပဲ G to G ဆိုတော့လည်းပဲ မဖြစ်နိုင်ဘူးလေ။ ဘာကြောင့်လဲဆိုတော့ ပြည်ထောင်စုလမ်းမကြီးကို ဖြတ်သန်းရမှာ။ တရုတ်ကတော့ ဖွင့်ချင်နေတာပေါ့။ G to G မဟုတ်တော့ မြန်မာဘက်က ကုန်သည်ဆုံးရှုံးလည်း သူတို့လည်းပါတာပေါ့။ အဲဒီသဘောပါ” ဟု ၎င်းက ပြောသည်။
တရုတ်နိုင်ငံဘက်မှ ပြီးခဲ့သည့် နိုဝင်ဘာလကုန်ပိုင်းတွင်လည်း မူဆယ်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် မူဆယ်မြို နယ်စပ်ဂိတ်ဖြစ်သော ဆင်ဖြူဂိတ်မှ တရုတ်နိုင်ငံ ကျယ်ဂေါင်ဘက်သို့ နေ့စဉ် ကုန်ကားအစီး ၅၀ နှင့် ဆိုင်ကယ်အစီး ၂၀၀ အား မဲနှိက်စနစ်ဖြင့် အလှည့်ကျဝင်ထွက်ခွင့်ပြုမှုများ ဆောင်ရွက်ပေးထားသည်။ မန့်ဝိန်းနယ်စပ်ဂိတ်တွင် တရုတ်ဘက်မှ တရားဝင်အခွန်ဆောင်မှုဖြင့် ခွင့်ပြုပေးခဲ့မှုရှိသော်လည်း မြန်မာဘက်မှ တုံပြန်ပြောဆိုမှုများ မရှိသေးကြောင်း သိရသည်။
မြန်မာ-တရုတ်နယ်စပ် ချင်းရွှေဟော်နယ်စပ်ဂိတ်အား ဇန်နဝါရီ ၂၀ ရက်မှစတင်ဖွင့်လှစ်ခဲ့ပြီး မြန်မာပြည်မကြီးနှင့် ကုန်သွယ်၍မရသေးသော်လည်း တရုတ်ဘက်မှ စစ်လက်နက်ပစ္စည်းမှအပ ကုန်ပစ္စည်းအားလုံး တင်သွင်းခွင့်ပြုထားကြောင်း မြန်မာ-တရုတ်နယ်စပ် ပိုကုန်/သွင်းကုန်လုပ်ငန်းရှင်များထံမှ သိရသည်။
Credit - Myanmar Transparency News Agency
#သတင်းဟင်းလေးအိုးကြီး
