◾️တာချီလိတ်မြို့၌ လာအိုလျှပ်စစ်မီးနေ့ချင်းပြီးရရှိ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ကို ထိုင်းနိုင်ငံဘက်ကလျှပ်စစ်မီးဖြတ်တောက်ခဲ့သော်လည်း တာချီလိတ်မြို့မီးလင်းရေး ဦးဆောင်ကော်မတီ (လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း)က လာအိုနိုင်ငံမှလျှပ်စစ်မီးကို နေ့ချင်းပြီးရယူခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
ထိုင်း-မြန်မာနယ်စပ်ရှိ တာချီလိတ်၊ ဘုရားသုံးဆူနှင့် မြဝတီမြို့များကို ကျားဖြန့်အွန်လိုင်းငွေလိမ် လုပ်ငန်းများနှိမ်နှင်းရန်ဟုဆိုကာ ထိုင်းနိုင်ငံဘက်က ယမန်နေ့(ဖေဖော်ဝါရီ ၅ ရက်) နံနက် ၉ နာရီမှ စတင်ကာ လျှပ်စစ်မီးဖြတ်တောက်ခဲ့ခြင်းဖြစ်သည်။
“မြို့ပေါ်မှာမီးမပြတ်ဘူး။ လာနေတယ်။ ကုန်စျေးနှုန်းတွေလည်းတက်တာမရှိသေးပါဘူး။ ဓာတ်ဆီစျေးတွေတက်တယ်လို့တော့ကြားတယ်။ အစ်မတို့ကထွက်မဝယ်သေးလို့ သေချာမသိရ သေးဘူး။ လက်ရှိနိုင်ငံရေးအခြေအနေတွေအရတော့ တာချီလိတ်မြို့ကအေးဆေးပါပဲ” ဟု တာချီလိတ်မြို့တွင်နေထိုင်သူတစ်ဦးကပြောသည်။
ယင်းသို့လျှပ်စစ်မီးဖြတ်တောက်ခြင်းနှင့်ပတ်သက်ပြီး ထိုင်းဘက်မှကြိုတင်အသိပေးအကြောင်း ကြားခြင်းမရှိဘဲ ရုတ်တရက်လျှပ်စစ်မီး ဖြတ်တောက်လိုက်ခြင်းဖြစ်ကြောင်း၊ လာအိုလျှပ်စစ်မီးနှင့် ချိတ်ဆက်မှုကို နေ့ချင်းပြီးလုပ်ဆောင်နိုင်သည့်အတွက် ယမန်နေ့ညနေ ၅ နာရီမှစပြီးလျှပ်စစ်မီး ပြတ်တောက်ခြင်းမရှိကြောင်း တာချီလိတ်မြို့အခြေစိုက်သတင်းမီဒီယာကရေးသားထားသည်။
တာချီလိတ်မြို့မီးလင်းရေးဦးဆောင်ကော်မတီ(လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း)သည် အစိုးရအဖွဲ့အစည်း၏ ကော်မတီမဟုတ်ဘဲ မြို့ခံလုထုဖြင့် ဖွဲ့စည်းထားသည့် ကော်မတီဖြစ်ကြောင်း အဆိုပါသတင်းအရသိရသည်။
