ရွှေကုက္ကိုလ်မှာ လျှပ်စစ်ဓာတ်အားသုံးစွဲမှု ၄၀ ရာခိုင်နှုန်း ကျဆင်းသွားပေမယ့် ကျားဖြန့်တွေအပေါ် အကျိုးသက်ရောက်မှု ရှင်းလင်းစွာမသိရ
ဖေဖော်ဝါရီ ၆
မြန်မာနိုင်ငံရှိ မြဝတီ၊ တာချီလိတ်နှင့် ဘုရားသုံးဆူတို့တွင် ဓာတ်အားပြတ်တောက်မှု၏ အကျိုးသက်ရောက်မှုကို အကဲဖြတ်ရန် အချိန်ပိုလိုအပ်ကြောင်း ထိုင်းအစိုးရတာဝန်ရှိသူများက မြန်မာနိုင်ငံဘက်ခြမ်းသို့ လျှပ်စစ်မီးဖြတ်တောက်မှု ၂၄ နာရီအကြာတွင် ထုတ်ဖော်ပြောကြားလာသည်။
မြန်မာနိုင်ငံဘက်ခြမ်းမှ နေရာငါးခုသို့ ထိုင်းနိုင်ငံက လျှပ်စစ်ဓာတ်အား အမြတ်တင်ရောင်းချပေးနေခြင်းမှ လစဥ် ဘတ်သန်း ၅၀ ခန့်အကျိုးအမြတ်ရရှိနေသော်လည်း ထိုနေရာများမှာ တရုတ်ကျားဖြန့်လိမ်လည်မှုဂိုဏ်းများနှင့် ဆက်နွှယ်နေသည်ဟုဆိုကာ ထိုင်းအစိုးရက ယမန်နေ့ နံနက် ၉ နာရီမှစတင်ကာ လျှပ်စစ်မီးဖြတ်တောက်ခဲ့မှုနှင့် အင်တာနက်ဖြတ်တောက်မှုလုပ်ဆောင်ကာ မြန်မာနယ်စပ်တစ်လျှောက် ထိုင်းစစ်တပ် ဖြန့်ချခဲ့သည်။
ထို့အတွက် ရွှေကုက္ကိုလ်မြို့သစ်၌ လျှပ်စစ်ဓာတ်အားသုံးစွဲမှု ၄၀ ရာခိုင်နှုန်း ကျဆင်းသွားသော်လည်း ကျားဖြန့်လိမ်လည်မှုစင်တာများအပေါ် သက်ရောက်မှုမှာ ရှင်းလင်းစွာမသိရသေးကြောင်း ကာကွယ်ရေးဝန်ကြီး ဖန်သမ် ဝီချရာချိုင်းက ပြောကြားခဲ့သည်။
ထို့အပြင် နှစ်နိုင်ငံဘက်ခြမ်းစလုံးတွင် နယ်စပ်လုံခြုံရေး တင်းကျပ်ထားပြီး လျှပ်စစ်ဖြတ်တောက်မှု၏ သက်ရောက်မှုကိုလည်း အကဲဖြတ်ရန် လိုအပ်နေသည်ဟု ဆိုသည်။ ထို့အပြင် အင်တာနက် ချိတ်ဆက်မှုများ ဆက်လက်လုပ်ဆောင်နေသေးကြောင်း သတင်းများ ထွက်ပေါ်နေ၍ ထိုင်းအာဏာပိုင်များက စစ်ဆေးမည်ဟုဆိုကာ ဖန်သမ်ကိုယ်တိုင်လည်း ယနေ့တွင် မဲဆောက်သို့ သွားရောက်ရန် စီစဉ်ထားသည်။
လျှပ်စစ်မီးပြတ်တောက်မှုကြောင့် စီးပွားရေးလုပ်ငန်းများနှင့် ဒေသခံများကို ထိခိုက်ခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးကို အနှောင့် အယှက်ဖြစ်စေနိုင်ကြောင်း မြဝတီကုန်သည်များက ပြောသလို ၎င်းတို့သည် တက်ခ်ခရိုင်ရှိ ၎င်းတို့၏ လုပ်ဖော်ကိုင်ဘက်များနှင့် ဆွေးနွေးရန် စီစဉ်ထားသည်ဟုလည်း သိရသည်။
ကျားဖြန့်ဂိုဏ်းများနှင့် ဆက်နွှယ်သည်ဟုဆိုကာ ထိုင်းနိုင်ငံက မြန်မာဘက်ခြမ်းမှ ဘုရားသုံးဆူ၊ တာချီလိတ်နှင့် မြဝတီတို့ကို လျှပ်စစ်ဖြတ်တောက်သော်လည်း ကိုယ်ပိုင်မီးစက်၊ ဆိုလာ စသည့် အခြေခံအဆောက်အအုံများ အသုံးပြုနိုင်သည့် ရွှေကုက္ကိုလ်နှင့် လာအိုဘက်မှ လျှပ်စစ်ဓာတ်အားဝယ်ယူနိုင်သလို ကြွယ်ဝသူများသည့် တာချီလိတ်တို့မှာ ထိုင်းနိုင်ငံ၏ လျှပ်စစ် မီးဖြတ်တောက်မှုကို သိသိသာသာ မခံစားရဘဲ ဘုရားသုံးဆူနှင့် မြဝတီမှ သာမန်ပြည်သူများသာ အဓိက ခံစားခဲ့ရပြီး လျှပ်စစ်မီးပြတ်တောက်၍ လောင်စာအတွက် ဓာတ်ဆီတိုးဝှေ့ဝယ်ယူရမှုများလည်း ယမန်နေ့က စတင်ဖြစ်ပွားခဲ့သည်။
ပုံစာ။ မြန်မာဘက်ခြမ်းမှ ကျားဖြန့်နာမည်ကျော် နေရာငါးခုကို ထိုင်းနိုင်ငံက လျှပ်စစ်စတင်ဖြတ်တောက်သည့် ဖေဖော်ဝါရီ ၅ ရက်ည ရွှေကုက္ကိုလ်နှင့်တာချီလိတ် မြင်ကွင်းများ
Ref & Photo, Thai Enquirer, Khaosod
#သတင်းဟင်းလေးအိုးကြီး


