ခြံအမှတ် ၅၄ ကို တတိယအကြိမ် စျေးလျှော့ကာ လေလံဆွဲခဲ့သော်လည်း ဝယ်သူမရှိပဲ ပြီးဆုံး

ဖေဖော်ဝါရီ ၅

ဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့သော ခြံအမှတ် ၅၄ ကို ယနေ့ (ဖေဖော်ဝါရီလ ၅ ရက်) နံနက်ပိုင်းတွင် တတိယအကြိမ် စျေးလျှော့ကာ လေလံဆွဲခဲ့သော်လည်း ဝယ်သူမရှိပဲ ပြီးဆုံးခဲ့ကြောင်း တွေ့မြင်ရသည်။ အဆိုပါ လေလံပွဲကို ခြံအမှတ် ၅၄ ရှေ့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုတစ်ကြိမ်တွင် ကြမ်းခင်းစျေး ငွေကျပ် (၂၉၇)ဘီလျံသတ်မှတ်ကာ လေလံဆွဲခဲ့သော်လည်း ဝယ်ယူမည့်သူ ပေါ်ပေါက်ခဲ့ခြင်း မရှိပေ။

ပထမအကြိမ် လေလံတင်ခြင်းကို ၂၀၂၄ ခုနှစ် မတ်လအတွင်းက ကြမ်းခင်းစျေး ကျပ် (၃၁၅)ဘီလျံ ၊ ဒုတိယ အကြိမ်အဖြစ် ဩဂုတ်လအတွင်းက ကြမ်းခင်းစျေး ကျပ် ဘီလျံ (၃၀၀)တို့ဖြင့် လေလံတင်ရောင်းချခဲ့သော်လည်း ဝယ်ယူသူမရှိသောကြောင့် တတိယအကြိမ်မြောက်အဖြစ် ထပ်မံ လေလံတင်ခဲ့ခြင်းလည်း ဖြစ်သည်။

ခြံအမှတ် ၅၄ သည် (၁ ဒသမ ၉၂၃) ဧက အကျယ်အဝန်းရှိပြီး ဒေါ်ခင်ကြည် အမည်ပေါက်သော ယင်းခြံကို ပထမတစ်ကြိမ် လေလံတင်စဉ်က ဝယ်သူမရှိသောကြောင့် ဦးအောင်ဆန်းဦးဘက်မှ စျေးလျှော့ပေးရန် ကမာရွတ်ခရိုင်တရားရုံးသို့ တင်ပြခဲ့ရာ တရားရုံးက စျေးနှုန်းပြင်ဆင်သတ် မှတ်ပြီး ဒုတိယအကြိမ် လေလံ ဆွဲခဲ့ခြင်း ဖြစ်သည်။ ဒုတိယအကြိမ်တွင်လည်း ဝယ်သူမရှိသော်ကြောင့် စျေးနှုန်းထပ်မံလျှော့ချရန်တင်ပြခဲ့ရာ ယခုလေလံဆွဲခဲ့သော စျေးဖြင့် လေလံတင်ရောင်းချရန်အတွက် ဒီဇင်ဘာလအတွင်းက ကမာရွတ်ခရိုင်တရားရုံးမှ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ပုံစာ - ယခင်က ကျင်းပခဲ့သည့် လေလံပွဲ

Credit - NP News Agency

#သတင်းဟင်းလေးအိုးကြီး

image