ယခုမြင်တွေ့ရတဲ့ အံ့မခန်း ရှေးဟောင်းအဆောက်အအုံကြီးဟာ အိန္ဒိယနိုင်ငံ၊ ရာဂျက်စတန်ပြည်နယ်မှာရှိတဲ့ ချန်ဘောရီ (Chand Baori) လို့ခေါ်တဲ့ လှေကားထစ်ပေါင်းများစွာထည့်သွင်းတည်ဆောက်ထားတဲ့ ရှေးဟောင်း
လှေကား ရေတွင်းကြီး ဖြစ်ပါတယ်။
၉ ရာစုက တည်ဆောက်ခဲ့တဲ့ ဒီရေတွင်းကြီးဟာ အိန္ဒိယရှေးခေတ်အင်ဂျင်နီယာပညာရဲ့ ကြီးကျယ်ခမ်းနားမှုကို သက်သေပြနေတဲ့ အံ့ဖွယ်လက်ရာတစ်ခုဖြစ်ပါတယ်။
ရာဂျက်စတန်ဟာ သဲကန္တာရဆန်တဲ့ ရာသီဥတုရှိပြီး ရေရှားပါးတဲ့ ပြဿနာကို အမြဲရင်ဆိုင်နေရတဲ့ ဒေသတစ်ခုပါ။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် ဘုရင်ချန်ဒရာဟာ ကြီးမားတဲ့ လှေကားရေတွင်းကြီးတစ်ခုကို တည်ဆောက်ဖို့ အမိန့်ပေးခဲ့ပါတယ်။
ချန်ဘောရီရေတွင်းကြီးဟာ ရေကို သိုလှောင်ရုံတင်မကဘဲ အပူဒဏ်ကနေ ခိုလှုံဖို့နေရာတစ်ခုအဖြစ်ပါ အသုံးပြုခဲ့ကြပါတယ်။ ရေတွင်းရဲ့ အောက်ခြေဟာ အပေါ်ထပ်တွေထက် ၅-၆ ဒီဂရီစင်တီဂရိတ်လောက် ပိုအေးတာကြောင့် ပူပြင်းတဲ့ နွေရာသီတွေမှာ လူတွေဟာ ဒီနေရာမှာ လာရောက်အပူရှောင်ကြပါတယ်။
အနက် ပေ ၁၀၀ (၃၀ မီတာ) ရှိပြီး အဆင့် ၁၃ ဆင့်နဲ့ လှေကားထစ်ပေါင်း ၃၅၀၀ ပါဝင်ပါတယ်။ စတုရန်းပုံအဆောက်အဦဖြစ်ပြီး လေးဘက်လေးတန်မှာ အချိုး အစားညီညီ၊ တစ်ဖက်နဲ့ တစ်ဖက် ထပ်တူကျအောင် (Symmetrical) ကျကျ တည်ဆောက်ထားတဲ့ လှေကား ထစ်တွေဟာ အင်မတန်အနုပညာလက်ရာမြောက်လှပါတယ်။
ရေတွင်းရဲ့ တစ်ဖက်ခြမ်းမှာတော့ ဘုရင်နဲ့ မိဖုရားတို့ နားနေဖို့အတွက် တည်ဆောက်ထားတဲ့ အဆောင်တွေ နဲ့ နားနေခန်းတွေပါရှိပါတယ်။ ဒီအဆောင်တွေမှာ ဟိန္ဒူနတ်ဘုရားတွေရဲ့ လှပတဲ့ ပန်းပုလက်ရာတွေကိုလည်း တွေ့မြင်နိုင်ပါတယ်။
ချန်ဘောရီဟာ ရေတွင်းတစ်ခုဆိုတာထက် ပိုပါတယ်။ ၎င်းဟာ ဟိန္ဒူဘာသာဝင်တွေအတွက် အရေးပါတဲ့ ဘာသာရေးဆိုင်ရာ နေရာတစ်ခုလည်း ဖြစ်ပြီး ရေတွင်းရဲ့ အနီးတစ်ဝိုက်မှာ ဟိန္ဒူနတ်ဘုရားတွေဖြစ်တဲ့ Durga နဲ့ Vishnu တို့အတွက် ရည်စူးထားတဲ့ ဘုရားကျောင်းတွေလည်းတည်ရှိပါတယ်။
ယနေ့ခေတ်မှာတော့ ချန်ဘောရီဟာ ကမ္ဘာလှည့်ခရီးသွားတွေ အထူးစိတ်ဝင်စားတဲ့ နေရာတစ်ခုဖြစ်လာခဲ့ပြီး The Fall (2006), The Dark Knight Rises (2012) စတဲ့ နာမည်ကြီး ရုပ်ရှင်တွေမှာလည်း ရိုက်ကွင်းအဖြစ် အသုံးပြုခဲ့ကြပါတယ်။
ချန်ဘောရီဟာရေတွင်းကြီးဟာ ရှေးခေတ်အိန္ဒိယလူမျိုးတွေရဲ့ ဉာဏ်ပညာကြီးမားပုံနဲ့ အနုပညာလက်ရာမြောက်ပုံတွေကို သက်သေပြနေတဲ့ အံ့ဖွယ်နေရာတစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး အိန္ဒိယနိုင်ငံ ကို အလည်အပတ်သွားရောက်သူတိုင်း မဖြစ်မနေ သွားရောက်လည်ပတ်သင့်တဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။
#knowledge
#timespectrum
