မျိုးသုဉ်းမှုအန္တရာယ်နှင့်ရင်ဆိုင်ကြုံတွေ့နေရသည့် မျိုးစိတ်များ အင်းလေးကန်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် ကျက်စားနေ
ဖေဖော်ဝါရီ ၃
အင်းလေးကန်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် မျိုးသုဉ်းမှုအန္တရာယ်နှင့်ရင်ဆိုင်နေရသည့် မျိုးစိတ်၊ မျိုးသုဉ်းမှုအန္တရာယ်ကျရောက်နိုင်သော မျိုးစိတ်နှင့် မျိုးသုဉ်းရန်အန္တရာယ် ကျရောက်လုနီးပါး မျိုးစိတ်များ ကျက်စားနေ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အင်းလေးကန်သဘာဝထိန်းသိမ်းရေးနယ်မြေအတွင်းနှင့် ဆက်စပ်ဒေသများအတွင်း လစဉ် ငှက်မျိုးစိတ်စာရင်းကောက်ယူခြင်းနှင့်ဆန်းစစ်ခြင်းလုပ်ငန်းများကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ စာရင်းကောက်ယူမှုမှတ်တမ်းများအရ သစ်တောငှက်(၂၇၃)မျိုး၊ ရေပျော်ငှက်(၁၀၂)မျိုး စုစုပေါင်း (၃၇၅)မျိုးကို မှတ်တမ်းတင်ထားရှိပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အာရှရေ ပျော်ငှက်စာရင်း (Asian Waterbird Census-AWC) လုပ်ငန်းကို နှစ်စဉ် ဇန်နဝါရီလ ဒုတိယပတ်အတွင်း ကောက်ယူ ဆန်းစစ်လျက် ရှိရာ ပြီးခဲ့သည့်နှစ် ဇန်နဝါရီ (၇)ရက် ကောက်ယူမှုမှတ်တမ်းအရ ရေပျော်ငှက်မျိုးစိတ် (၄၈) မျိုးနှင့် အကောင်ရေ (၁၁၄၅၈) ကောင်ကို တွေ့ရှိရကြောင်း သိရသည်။
ထို့ပြင် ယခုနှစ်၊ ဇန်နဝါရီ (၈)ရက်နေ့တွင် ကောက်ယူတွေ့ရှိမှု မှတ်တမ်းအရ ရေပျော်ငှက်မျိုးစိတ် (၄၂) မျိုး နှင့် အကောင်ရေ (၁၃၉၈၀) ကောင်တို့ကို ဆန်းစစ် တွေ့ရှိရပြီး သဘာဝနယ်မြေအတွင်းရှိဆက်စပ်ဒေသများဖြစ်သည့် စံကားအင်းနှင့်ဖယ်ခုံအင်း ဒေသများတွင် စာရင်းကောက်ယူနိုင်မည်ဆိုပါက မျိုးစိတ်နှင့်ကောင်ရေ တိုးမြှင့်လာနိုင်မည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါ အင်းလေးကန်ဒေသအတွင်း ကျရောက်ကျက်စားလျက်ရှိသည့် ရေပျော်ငှက်မျိုးစိတ် (၁၀၂) မျိုးတွင် အောက်တိုဘာလမှဧပြီလအတွင်း ပြောင်းရွှေ့ကျက်စားရောက်ရှိလာသည့် ဆောင်းခို ငှက်မျိုးစိတ် (၄၁) မျိုး နှင့် သစ်တောဆောင်းခိုငှက် (၁၂)မျိုးတို့ကို စာရင်းကောက်ယူ တွေ့ရှိရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ရေပျော် ဆောင်းခိုငှက်များတွင် မျိုးသုဉ်းမှုအန္တရာယ်နှင့် ရင်ဆိုင်နေရသည့် မျိုးစိတ်များ ဖြစ်သည့် ပို့ချပ်ဘဲ ခေါင်းစိမ်း (Baer's Pochard)၊ မျိုးသုဉ်းမှုအန္တရာယ်ကျရောက်နိုင်သော မျိုးစိတ်ဖြစ်သည့် ကြိုးကြာ ခေါင်းနီ (Sarus Crane)၊ Common Porchard ၊ အမောက်ပါ တစ်တီတူး (Northern Lapwing) မျိုးစိတ် နှင့် မျိုးသုဉ်းရန်အန္တရာယ် ကျရောက်လုနီးပါး မျိုးစိတ် ဖြစ်သည့် Ferruginous Duck၊ Black-headed Ibis စသည်တို့ ကျရောက်ကျက်စားနေသည်ကို တွေ့ရှိရကြောင်း သိရသည်။
ထို့ပြင် သစ်တောဆောင်းခိုငှက်များတွင် ကမ္ဘာလုံးဆိုင်ရာ မျိုးသုဉ်းမှုအန္တရာယ်နှင့် ရင်ဆိုင်နေရသည့် မျိုးစိတ်များဖြစ်သည့် စာဝါကြား ကောင်ရေ (၅၀၀) ကျော်နှင့် ကျေးငှက်မျိုးစိတ် (Grey-headed Parakeet ) ကောင်ရေ (၁၀၀) ခန့် ကျရောက်ကျက်စားလျက် ရှိသည်ကို ဆန်းစစ်တွေ့ရှိရကြောင်း သိရသည်။
အင်းလေးကန်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသဘာဝထိန်းသိမ်းရေးနယ်မြေသည် အင်းလေး ကန်၊ စံကားအင်းနှင့် ဖယ်ခုံအင်း စသည့် ရေဝပ်ဒေသကြီး (၃)ခုနှင့် ဘီလူးချောင်းတို့ တစ်ဆက် တစ်စပ်တည်း ပါဝင်တည်ရှိနေသည့် ရေဝပ်ဒေသဂေဟစနစ်ထိန်းသိမ်းရေးနယ်မြေတစ်ခု ဖြစ်ကြောင်း သိရသည်။ ထို့ပြင် အင်းလေးကန်အပိုင်းကို မြန်မာနိုင်ငံ၏ ပဉ္စမမြောက် ရမ်ဆာရေဝပ်ဒေသ (၂၀၁၈) အဖြစ် သတ်မှတ်ထားပြီး အရှေ့အာရှ-ဩစတြေးလျငှက်ပျံသန်းရာလမ်းကြောင်း ၏ ကွန်ရက်နယ်မြေ တစ်ခု ဖြစ်ကြောင်း သိရသည်။
#centralnewsnaypyitaw
