ထုတ်လုပ်ရေးစရိတ်မြင့်တက်ခဲ့သလို ဝယ်လိုအားကျဆင်းလာမှုတို့ကြောင့် ၂၀၂၅ ခုနှစ်အစတွင် မြန်မာ့ကုန်ထုတ်လုပ်မှု ပြန်ကျဆင်းခဲ့
ဖေဖော်ဝါရီ ၃
ခြောက်လကြာမှ တိုးတက်မှုပြန်မြင်ခဲ့ရသည့် မြန်မာ့ကုန်ထုတ်လုပ်မှုလုပ်ငန်းသည် ထုတ်လုပ်ရေးစရိတ်မြင့်တက်ခဲ့သလို ဝယ်လိုအားကျဆင်းလာမှုတို့ကြောင့် ယခု ၂၀၂၅ ခုနှစ်၊ နှစ်အစတွင် ပြန်လည်ကျဆင်းခဲ့ကြောင်း ယနေ့တွင် ထုတ်ပြန်သည့် S&P Global မြန်မာ့ထုတ်လုပ်မှု Purchasing Managers’ Index (PMI) စစ်တမ်းတွင် ဖော်ပြထားသည်။
ငါးလဆက်တိုက် ကျဆင်းခဲ့သော မြန်မာ့ကုန်ထုတ်လုပ်မှုသည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ပထမဆုံးအဖြစ် ကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်း ၅၀ အထက်ရှိခဲ့ပြီးနောက် တိုးတက်မှုကို အစပြုခဲ့ခြင်းဖြစ်သည်။ သို့သော် ၂၀၂၅ ခုနှစ်အစတွင် ပြန်လည်ကျဆင်းမှုဖြင့် စတင်ခဲ့ခြင်းဖြစ်သည်။
အမှာစာအသစ်၊ ထုတ်လုပ်ရေး၊ အလုပ်ခန့်အပ်မှု၊ ကုန်ပေးသွင်းသူ ပေးပို့ချိန်များနှင့် ထည့်ကုန်ဝယ်ယူမှုများ၏ လက်ကျန်ပစ္စည်းများ စသည့်အချက်များဖြင့် တွက်ချက်ထားသည့် ကုန်ထုတ်လုပ်မှု အညွှန်းကိန်းဖြစ်သည့် PMI သည် ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ၅၀ ဒသမ ၄ ရှိခဲ့ရာမှ ယခု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် ၄၇ ဒသမ ၄ သို့ကျဆင်းခဲ့သည်။ PMI အညွှန်ကိန်းအလယ်အမှတ် ၅၀ အောက်သို့ ပြန်လည်ကျဆင်းခဲ့ခြင်းဖြစ်သည်။
“မြန်မာနိုင်ငံမှာရှိတဲ့ ထုတ်လုပ်သူတွေရဲ့ ကုန်ပစ္စည်းအတွက် ဝယ်လိုအားက စိတ်ပျက်စရာဖြစ်ခဲ့ပြီး အဲဒါက ထုတ်လုပ်ရေးမှာ အသစ်ဖြစ်လာတဲ့ လျော့ကျမှုတစ်ခုကို ဖြစ်စေခဲ့ပါတယ်။ အဲဒါကြောင့် လုပ်ငန်းတွေက သူတို့ရဲ့ ကိုယ်ပိုင်ထည့်ကုန် ဝယ်ယူရေးလုပ်ဆောင်မှုကို ပိုမိုအားကောင်းတဲ့နှုန်းတစ်ခုနဲ့ လျှော့ချခဲ့ကြပါတယ်” ဟု S&P Global Market Intelligence မှ စီးပွားရေးပါရဂူ Maryam Baluch က ပြောသည်။
ထို့ပြင် ကုန်ပစ္စည်းပြတ်လပ်မှုများနှင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်း ခက်ခဲမှုများကြောင့် ပေးပို့ချိန်ကြာရှည်မှုမျိုးနှင့် ကုန်ပစ္စည်းပေးသွင်းရေးပိုင်းက အန္တရာယ်များကလည်း ထုတ်လုပ်သူများ အချိန်မှန် ထည့်ကုန်ရရှိနိုင်မှုအပေါ် အခက်အခဲများ ပိုဖြစ်စေခဲ့ကြောင်း ဖော်ပြထားသည်။ ထုတ်လုပ်သူများအနေဖြင့် ကုန်ကျစရိတ် ဝန်ထုပ်ဝန်ပိုးများ မြင့်တက်မှုကိုလည်း တွေ့မြင်ရကြောင်းလည်း ဖော်ပြထားသည်။
၂၀၂၅ ခုနှစ် နှစ်အစပိုင်းတွင် ထုတ်လုပ်ရေးလိုအပ်ချက်များ လျော့နည်းမှုကို ဖြစ်စေခဲ့သည့် ဝယ်လိုအား အပြောင်းအလဲက ထုတ်လုပ်သူများ၏ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ နည်းဗျူဟာများကို ချိန်ညှိရန် အချက်ပြခဲ့သည်။ ထို့ပြင် ကုမ္ပဏီများသည် အနည်းငယ်မျှသော လက်ဝယ်ရှိပစ္စည်းများကိုသာ ထားရှိရန်ရွေးချယ်ခဲ့ကြပြီး ၎င်းတို့၏ ထုတ်လုပ်မှုအကြိုနှင့် ထုတ်လုပ်ပြီး လက်ကျန်ပစ္စည်း အဆင့်များကို သိသိသာသာလျှော့ချခဲ့ကြကြောင်း ဖော်ပြထားသည်။
#centralnewsnaypyitaw


