ငယ်ရွယ်စဥ်မှာအသည်းကွဲခဲ့ခြင်း (သို့) Bodyguard from Beijing
ခေါင်းစဥ်ဖတ်ပြီး ဒီကောင်ဘယ်တုန်းကအသည်းကွဲတာတွေကို ဒီမှာလာတင်တာလဲလို့တော့ မတွေးကြပါနဲ့။
များသောအားဖြင့် ငယ်ငယ်တုန်းက ကျွန်တော်ကြည့်ဖြစ်တာက ဝူရှသိုင်းဇာတ်လမ်းတွဲတွေ၊ အက်ရှင်တွေ၊ Cantonese ဟာသနဲ့အက်ရှင်ကားတွေလောက်ကိုပဲအဓိကကြည့်ဖြစ်ခဲ့တယ်။ ဘာလို့လဲဆိုတော့ အဲဒီတုန်းက ကျွန်တော့်ဉာဏ်ရည်က တစ်ယောက်နဲ့တစ်ယောက် ထိုးတာကြိတ်တာ၊ ပစ်ကြခတ်ကြတာလောက်ကိုပဲ လက်ခံနိုင်ခဲ့တာကိုး။
အဲဒီတုန်းက ခုလို Telegram မပြောနဲ့၊ အိမ်မှာမီးလာရင်တောင်ကံကောင်းတဲ့ကာလဆိုးတစ်ခုမှာ ရုပ်ရှင်ကြည့်ဖို့ဆိုရင် မီးနဲ့ တီဗွီနဲ့ DVD စက်နဲ့ ခွေကိုပဲအားကိုးရတဲ့ကာလ။ ခွေတွေဝယ်ရင်လဲ ခြောက်ကားတစ်ခွေတို့၊ လေးကားတစ်ခွေတို့၊ တစ်ခါတလေမှ ကိုယ့်လက်ထဲပိုက်ဆံလေးနည်းနည်းပိုရင် တစ်ကားတစ်ခွေလောက်ဝယ်ပြီးကြည့်တာပေါ့။
Jet Li ရုပ်ရှင်တွေကို အရမ်းသဘောကျပြီး Jet Li မှ Jet Li ဖြစ်နေတဲ့အချိန်တွေမှာ Bodyguard from Beijing ကို သွားကြည့်မိတာပါပဲ။ သရုပ်ဆောင်တွေကတော့ Collin Chou, Kent Cheng နဲ့ Christy Chung တို့ ပါပါတယ်။ ချောင်ကြီးတို့ကားတွေကြည့်ဖူးတဲ့သူတွေဆိုရင် ဒီလူတွေကိုသိမှာပါ။
ဇာတ်လမ်းကတော့ ဒုစရိုက်ဂိုဏ်းတစ်ခုရဲ့လူသတ်မှုကို မျက်မြင်သက်သေသုံးယောက်မြင်သွားတယ်။ အဲမှာ ပထမနှစ်ယောက်ကို အဲဒီဂိုဏ်းကသတ်ပစ်လိုက်ပြီး နောက်ဆုံးကျန်တဲ့ မီရှဲလ်ဆိုတဲ့ကောင်မလေးကိုလည်း လိုက်သတ်ဖို့ကြိုးစားနေချိန်မှာ ပြည်မကြီးက တပ်နီတော်ထဲက စစ်သည်ဟွိုင်ကို မီရှဲလ်ကိုကာကွယ်ပေးဖို့ သက်တော်စောင့်အနေနဲ့ ဟောင်ကောင်ကိုပို့လိုက်တယ်။ အဲဒီကနေမှ ဇာတ်လမ်းကနေဆက်ကြည့်ကြပါပေါ့။
ဇာတ်လမ်းတင်ဆက်ပုံနဲ့ ဇာတ်အိမ်တည်ပုံတွေက ရိုးရိုးရှင်းရှင်းလေးပဲ။ ကောင်မလေးကိုလူဆိုးတွေကလိုက်သတ်တယ်၊ အဲဒါကိုသက်တော်စောင့်က ကာကွယ်ပေးရတယ်။ ကောင်မလေးက ဂျစ်တိဂျစ်ကန်၊ ခပ်ဆိုးဆိုး၊ သူ့သက်တော်စောင့်က ကာကွယ်ပေးတာကိုလဲ လက်မခံဘူး၊ ကလန်ကဆန်ပြန်လုပ်တယ်၊ နောက်ဆုံးကျ တကယ့်တကယ်ပြဿနာတွေတက်ပြီဆိုမှ ကောင်မလေးက အသိစိတ်ဝင်သွားတာမျိုး။ မေးစရာရှိတာက မီရှဲလ်ကိုလည်း ဟွိုင်ကတကယ်ချစ်သွားရဲ့လား၊ ဒါမှမဟုတ် အလုပ်တာဝန်တစ်ခုအနေနဲ့ပဲဆက်ဆံခဲ့လား ဆိုတာပါပဲ။
ဇာတ်သိမ်းပိုင်းကလည်း လုံးဝကိုရိုးရိုးရှင်းရှင်းလေး။ ပြောရရင်ဗျာ ဘာမှအလှည့်အပြောင်းတွေမပါပဲနဲ့ ရိုးရိုးလေးပဲအဆုံးသတ်ပေးသွားတယ်။ ရိုးရှင်းတဲ့အဆုံးသတ်တစ်ခုကို ဘာလို့တက်မက်နေရလဲလို့ပြောရရင် လူတွေက အချစ်ပုံပြင်တစ်ပုဒ်မှာ ချစ်ရသူတွေကိုပေါင်းစေချင်ကြတယ်မလား၊ ဖြစ်ချင်သလိုဖြစ်မလာတဲ့အခါမှာ အဲဒီအဖြစ်အပျက်ကို တနုံ့နုံ့နဲ့ခံစားနေရတတ်တာကလည်း ဖြစ်တတ်ကြတာပါပဲ။
Bodyguard from Beijing က အက်ရှင်ဒရာမာတစ်ခုအနေနဲ့ ကောင်းမွန်တဲ့တင်ဆက်မှုတစ်ခုရှိခဲ့တယ်လို့ ပြောချင်မိတယ်။ Jet Li ဆိုတာကလဲ ဟောင်ကောင်အက်ရှင်ရုပ်ရှင်နယ်ပယ်မှာ ဆရာကြီးတစ်ယောက်၊ Collin Chou ဆိုတာကလဲ underrated ထိုင်ဝမ်မင်းသားတစ်လက်၊ Keanu Reeves ရဲ့ Matrix မှာတောင် ပါခဲ့ဖူးတဲ့သူတစ်ယောက်၊ ဒီနှစ်ယောက်ရဲ့သူသေကိုယ်သေ တိုက်ကြခိုက်ကြတဲ့ ပြကွက်တွေကလည်း Bodyguard from Beijing ရဲ့ အသက်လို့ပြောလို့ရတာပါပဲ။
မီရှဲလ်တစ်ယောက် ဟွိုင်ရဲ့စေတနာတွေကိုကောင်းကောင်းနားလည်သလို ဟွိုင်ကိုလဲ သူ့ရင်ထဲမှာနေရာတစ်နေရာပေးမိခဲ့မိပြီ၊ ဒါပေမယ့် အားလုံးပြီးခဲ့ပြီလေ။
ဒီထက်ပိုလေးနက်တဲ့ရုပ်ရှင်တွေပေါသောထနေချိန်မှာ ဒီကားကိုဘာလို့အဲလောက်အမွှန်းတင်ရလဲဆိုရင် လူတစ်ယောက်က အဖြစ်အပျက်တစ်ခုကိုပထမဆုံးကြုံမိရင် မမေ့တတ်ကြသလို အသည်းကွဲခြင်းနဲ့ကွေကွင်းရခြင်းကို ဒီရုပ်ရှင်မှာ ပထမဆုံးနားလည်ခဲ့ရလို့လို့ပဲပြောပါရစေ။
ဖိုက်တင်ကားတွေကိုပဲအသားပေးကြည့်မိတဲ့အချိန်တစ်ခုမှာ မတော်တဆကြည့်ခဲ့မိတဲ့ ဟောင်ကောင်ရုပ်ရှင်တစ်ကားရဲ့ဇာတ်သိမ်းက တွေးမိတိုင်း ဒီနေ့အထိအသည်းကွဲရဆဲပါပဲ။
