အင်းစိန်တွင် လူနေအိမ် ၇ လုံးမီးလောင်၍ လူ ၂၇ဦး မီးဘေးသင့်မှု ဖယောင်းတိုင်မီးထွန်းထားစဥ် အဝတ်ပုံပေါ်လဲကျရာမှ မီးလောင်ခဲ့ခြင်း ဖြစ်သည်ဟု စစ်ဆေးတွေ့ရှိ
ဖေဖော်ဝါရီ ၃
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ ကန်ပတ်လမ်းတွင် ယနေ့ ဖေဖော်ဝါရီလ ၂ ရက် နံနက် ၅ နာရီ ၅၅ မိနစ်ခန့်က ဖယောင်းတိုင်မီးထွန်းထားရာ အဝတ်ပုံပေါ်လဲကျရာမှ လူနေအိမ် ၇ လုံး မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူဦးရေ ၂၇ ဦး မီးဘေးသင့်ခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။
မီးလောင်မှုမှာ အလျား ၁၆ ပေ၊ အနံ ၁၂ ပေ ရှိသော သွပ်မိုး၊ သွပ်ကာ ပျဥ်ခင်းနေအိမ်မှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မိနစ် ၄၀ ကြာ မီးလောင်ကျွမ်းခဲ့မှုကြောင့် ၁၀ ပေ ပတ်လည် သွပ်မိုးသွပ်ကာ၊ ပျဥ်ခင်းနေအိမ် ၄ လုံး၊ ၁၀ ပေ ပတ်လည် သွပ်မိုး၊ သွပ်ကာ၊ ဝါးခင်း ၁ လုံး၊ အလျား ၁၆ ပေ၊ အနံ ၁၂ ပေ ရှိသော သွပ်မိုး၊ သွပ်ကာ ပျဥ်ခင်းနေအိမ် ၁ လုံးနှင့် အလျား ၁၆ ပေ၊ အနံ ၁၂ ပေ ရှိသော သွပ်မိုးသွပ်ကာ ပျဥ်ခင်း နေအိမ် ၁ လုံး စုစုပေါင်း နေအိမ် ၇ လုံး မီးလောင်ဆုံးရှုံးခဲ့သည်။
“အိမ်တွေကလည်း နီးကပ်နေတော့ ၇ လုံးပါသွားတယ်၊လူထိခိုက်သေဆုံးမှုတော့မရှိပါဘူး”ဟု မီးငြှိမ်းသတ်သူတစ်ဦးက ပြောသည်။
မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၆ စီး၊ ရေသယ်ယာဥ် ၁၁ စီး၊ ကွပ်ကဲမှုယာဥ် ၁ စီး၊ သန္ဓေအရန် မီးသတ်တပ်ဖွဲ့ဝင် ၁၁၀ ကျော်ဖြင့် ငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။
မီးလောင်မှုကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရရှာသော အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၁၅ ဦး စုစုပေါင်း ၂၇ ဦးကို ရွာမအနောက်ရပ်ကွက်၊ ဖွဲနုဆီစက်လမ်းရှိ အောင်သိဒ္ဓိ လေးမျက်နှာဘုန်းကြီးကျောင်းတွင်ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားကြောင်း သိရသည်။
နေအိမ် ၇ လုံး မီးလောင်မှုကြောင့် အသက် ၂၉ နှစ်အရွယ် ဦးလှအောင်ကို ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အင်းစိန်မြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
#centralnewznayptitaw




