တည်ဆောက်ဆဲ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းများ ပြီးစီးပါက စုစုပေါင်း တပ်ဆင်အင်အား (၁၀၂၆)မဂ္ဂါဝပ်ထွက်ရှိမည်
ဖေဖော်ဝါရီ ၁
တည်ဆောက်ဆဲ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းများ ပြီးစီးပါက စုစုပေါင်း တပ်ဆင်အင်အား (၁၀၂၆)မဂ္ဂါဝပ်ထွက်ရှိမည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောသည်။ အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့၊ မွန်းလွဲပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြည်သူများ၏ နေ့စဉ်လူနေမှုဘဝတိုးတက်မြင့်မားရေးနှင့် ပြည်တွင်း၊ပြည်ပ ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုး တက်လာခြင်းဖြင့် အခြေခံအဆောက်အအုံလိုအပ်ချက်ကို ဖြည့်ဆည်းတည်ဆောက်နိုင်ပြီး လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ (၂) ခုလုံး၏ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်နိုင်စေရေးကို ရည်ရွယ်၍ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ကို ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိ နိုင်ငံ တော်၏လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုတွင် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ (၂၈) ရုံ၊ အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ (၂၇) ရုံနှင့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ (၈)ရုံ၊ စုစုပေါင်း တပ်ဆင်အင်အား ၆၃၇၁ မဂ္ဂါဝပ်ရှိပြီး အဆိုပါ ရေအားလျှပ်စစ်နှင့် အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများမှ အချို့ဓာတ်အားပေးစက်ရုံ (၁၂)ရုံမှာ ဓာတ်အားလိုင်းများ ဖျက်ဆီးခံရမှုနှင့် သဘာဝဘေးဒဏ်တို့ကြောင့် ပျက်စီးခြင်းသွားရာ လက်ရှိတွင် ဓာတ်အားထုတ်လုပ်မှုမှာ ကျဆင်းလျက်ရှိကြောင်း ဥက္ကဋ္ဌက ရှင်းပြသည်။
လက်ရှိအချိန်တွင် နိုင်ငံတော်၏လျှပ်စစ်ဓာတ်အား လိုအပ်ချက်ပမာဏ ပိုမိုမြင့်မားလျက်ရှိနေကြောင်း၊ ပြည့်ဖြိုးမြဲစွမ်းအင် (Renewable Energy - RE) ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း စီမံကိန်းများကို အမြန်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အထက်အကြီးအကဲကလည်း Renewable Energy – RE အလေးထား အကောင်အထည်ဖော်ရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း သိရသည်။ တည်ဆောက်ဆဲ နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံစီမံကိန်းကို နေပြည်တော် ပြည်ထောင်စုနယ်မြေတွင် (၄)ခု၊ မန္တလေးတိုင်းဒေသကြီးတွင် (၃)ခု၊ ပဲခူးတိုင်းဒေသကြီးတွင်(၁)ခု၊ ရှမ်းပြည်နယ်တွင် (၁)ခု စုစုပေါင်း တပ်ဆင်အင်အား (၅၃၀) မဂ္ဂါဝပ်ရှိပြီး ဆောက်ရွက်ဆဲ Hybrid (Gas Engine + Solar) စီမံကိန်းကို မန္တလေးတိုင်းဒေသကြီးတွင် (၁)ခုနှင့် မကွေးတိုင်းဒေသကြီးတွင်(၁)ခု စုစုပေါင်းတပ်ဆင်အင်အား (၄၉၆) မဂ္ဂါဝပ်ရှိကြောင်း သိရသည်။
လက်ရှိတည်ဆောက်ဆဲ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းများနှင့် Hybrid (Gas Engine + Solar) စီမံကိန်းများတွင် ပြည်တွင်း/ ပြည်ပ ရင်းနှီးမြှုပ်နှံသူများကို မိမိတို့၏လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများနှင့် စီမံကိန်းလုပ်ငန်းများ နှောင့်နှေးကြန့်ကြာနေရသည့် အကြောင်းရင်းများကိုလည်း ကုမ္ပဏီတစ်ခုချင်းစီအလိုက် ရှင်းလင်းတင်ပြပေးပြီး ကုမ္ပဏီတို့၏ တင်ပြချက်များကို ဆက်စပ်ဝန်ကြီးဌာနများမှ ဖြေရှင်းနိုင်မည့် နည်းလမ်းများကို အကြံပြုသုံးသပ် တင်ပြပေးစေလိုကြောင်း ဥက္ကဋ္ဌက တိုက်တွန်းပြောကြားခဲ့သည်။
#centralnewsnaypyitaw
