ရန်ကုန်မြို့လယ်တွင် ဒုစရိုက်မှုကျူးလွန်ရန်ကြိုးစားနေသော လူငယ်အမျိုးသားတစ်ဦးကို အချိန်မီဟန့်တား ဖမ်းဆီးနိုင်ခဲ့
ဖေဖော်ဝါရီ ၁
ရန်ကုန်မြို့၊ ကျောက်တံတားမြိုနယ်တွင် ဒုစရိုက်မှုကျူးလွန်ရန်ကြိုးစားနေသော လူငယ်အမျိုးသားတစ်ဦးကို အချိန်မီဟန့်တား ဖမ်းဆီးနိုင်ခဲ့ကြောင်း မြို့ခံတစ်ဦးက ပြောသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဇန်နဝါရီလ ၃၁ ရက်)၊ ညနေပိုင်း ၅ နာရီဝန်းကျင်အချိန်ခန့်က ကျောက်တံတားမြို့နယ်၊ လမ်း ၄ဝ (အလယ်ဘလောက်) တွင် လူအများရှိနေချိန်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“တစ်ယောက်တည်း ဘာမှတော့ မပါသွားလိုက်ဘူး။ သူက ဝင်ပြီးတော့ ခိုးဖို့လုပ်တာပေါ့နော်။ ဒီလို အကြီးစား လည်း မဟုတ်ဘူးပေါ့နော်။ ရရစားစား ရတာယူပြီး ထွက်ပြေးမယ့် ပုံစံမျိုးလေးပေါ့။ အိမ်ရှေ့မှာရပ်ပြီးတော့ ဝင်ပြီးတော့လုဖို့ ချောင်းနေတဲ့အချိန်မှာ သူတို့က မိသွားတာတဲ့။ ဖမ်းလည်းဖမ်းပြီးရော CCTV ကနေ ကြည့်လိုက်တော့ သူ့ပုံစံက အဲဒီလိုမျိုးဖြစ်နေတော့ သူ့ကိုဖမ်းပြီးတော့ အမှုဖွင့်ထားတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။
အဆိုပါပြစ်မှုကျူးလွန်သူအမျိုးသားမှာ အသက်(၂၀)နှစ်ဝန်းကျင်အရွယ်ရှိသူဖြစ်ပြီး ၎င်း၏နောက်ကြောင်း ရာဇဝင် နှင့်ပတ်သက်၍ သေချာစွာသိရခြင်းမရှိသေးကြောင်း ၎င်းက ဆိုသည်။
“တဖြည်းဖြည်းနဲ့ ရဲနေပြီပေါ့။ အကုန်လုံး မနက်ရော၊ ညနေရော စပြီးတော့ လှုပ်ရှားနေပြီပေါ့နော်။ တော်တော်ကို ကြောက်ဖို့ကောင်းနေပြီ။ အရှေ့မှာရပ်ကွက်ရုံးကြီးရှိတာတောင်မှ ဒီကောင်တွေ လုပ်ရဲတာဆိုတော့ ဒီထက်ပိုဆိုးဖို့ပဲ ရှိတာပေါ့။ သူတို့မှာ အကြောက်တရားမရှိတော့ဘူး။ ပြီးရင် ဒီလမ်းကြီးက တအားလူစည်တဲ့ လမ်းကြီးဖြစ်နေတယ်။ ပြီးတော့ သူလုပ်တဲ့အချိန်က ညနေ(၅)နာရီဆိုတော့ ဗလီထဲကနေ ဆင်းတာတွေများတဲ့အချိန်” ဟု ၎င်းက အကြံပြုပြောထားသည်။
ထို့ကြောင့် အဆိုပါပြစ်မှုကျူးလွန်သူအမျိုးသားကို သက်ဆိုင်ရာတာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။
Credit - NP News Agency
#သတင်းဟင်းလေးအိုးကြီး
