ပြည်ပပို့ရန် ရည်မှန်းထားမှုကြောင့် ပေါ်ဆန်းဆန်ကို နှစ်ရာသီစိုက်နိုင်စေရန် ပြုပြင်သင့်ဟုဆို

ဖေဖော်ဝါရီ ၁

စိုက်ဧက(၁)သန်းခွဲခန့်သာ စိုက်ပျိုးနိုင်သော ပေါ်ဆန်းကို ပြည်ပတင်ပို့နိုင်ရေးအတွက် အထွက်နှုန်းတိုးရေးကို ဦးစားပေးဆောင်ရွက်ရန် လိုအပ်ကြောင်း ပြည်တွင်းရှိ ဆန်စပါးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ထားသည်။

ပြည်တွင်း၌ နှစ်စဉ်မိုးစပါးစိုက်ဧက (၁၅) သန်းနှင့် နွေစပါး(၂)သန်းခွဲခန့် စိုက်ပျိုးပြီး မိုးစပါးတစ်ရာသီ သာစိုက်ပျိုးနိုင်သည့် ပေါ်ဆန်းဆန်ကို ဧက(၁)သန်းခွဲခန့်သာစိုက်ပျိုးကြောင်း သိရသည်။

‘‘ပေါ်ဆန်းက တစ်ဧကကို တင်း(၆၀)၊ (၇၀)၊ (၈၀) လောက်ပဲ ထွက်တာ။ ကျန်တဲ့ဆင်းသုခတို့ ၊ အထူးဧည့်မထစပါး တွေကျတော့ တင်း(၉၀)၊ (၁၀ဝ)၊(၁၁၀)ထွက်တယ်။ မြန်မာနိုင်ငံမှာပေါ်ဆန်း စိုက်တာက ဧက(၁)သန်းခွဲ လောက်ရှိတယ်။ မြန်မာနိုင်ငံမှာက မိုးစပါး(၁၅)သန်း စိုက်တာဆိုတော့ (၁၀)ရာခိုင်နှုန်းကနေ (၁၅)ရာခိုင် နှုန်းလောက်ရှိတယ်။ ပြည်တွင်းကတော့ ကောင်း ကောင်းလောက်တယ်” ဟု အထက်ပါ ဆန်စပါး လုပ် ငန်းရှင်က ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် မြန်မာ့ပေါ်ဆန်းကို ပြည်ပနိုင်ငံများသို့တင်ပို့နိုင်ရေးအတွက် Brand တစ်ခုအနေဖြင့် မြှင့်တင်သွား မည်ဖြစ်ပြီး Geographical indication (GI) မှတ်ပုံ တင်နိုင်ရေးကိုလည်း ဆောင်ရွက်သွားရန်စီစဉ်နေကြောင်း သိရသည်။

ပြည်တွင်းမှထုတ်လုပ်သည့် ဆန်နှင့်ပဲများမှာ ဈေးကွက်ရရှိပြီးဖြစ်ခြင်းကြောင့် ယခုထက်အရည် အသွေးကောင်း မွန်သည့် ဆန်နှင့်ပဲများ တင်ပို့နိုင်ရေးနှင့် ပေါ်ဆန်းမွှေးဆန်ရောင်းအားမြှင့်တင်ရန်လိုကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ကလည်း ပြီးခဲ့သည့်ရက်ပိုင်းတွင် အသိပေးပြောဆို ထားဖူးသည်။

လက်ရှိတွင် ပေါ်ဆန်းဆန်ကို ပြည်တွင်းစားသုံး မှုမြင့်မားနေသည့်အတွက် ပြည်ပတင်ပို့နိုင်ရေး ဆောင်ရွက်မည် ဆိုပါက နှစ်ရာသီစိုက်ပျိုးနိုင်သည့် အဆင့်အထိရောက်ရေး ဆောင်ရွက်ရန်နှင့်အထွက် နှုန်းတိုးရေးကိုလည်း ဦးစားပေး ဆောင်ရွက်ရန် အထက်ပါစီးပွာ‌ရေးလုပ်ငန်းရှင်က အကြံပြုပြောကြားသည်။

‘‘ပေါ်ဆန်းကတော့ ဘက်ပေါင်းစုံကနေ လုပ် နေတယ်။ နိုင်ငံတော်အကြီးအကဲကိုလည်း တင်ပြတယ်။ မြန်မာနိုင်ငံကထွက်တဲ့ ဆန်မွှေးကသူပဲရှိတယ်။ လက်တ လောမှာလုပ်လို့မရဘူး။ ဘာလို့လဲဆိုတော့ ပြည်တွင်းမှာလိုအပ်ချက်ကကြီးတော့ ပေါ်ဆန်းက ဆန်ဈေးကြီးတယ်။ ပေါ်ဆန်းက တစ်နှစ်မှာတစ်ရာသီ ပဲစိုက်လို့ရတယ်။ နွေစပါးစိုက်လို့မရဘူး။ နံပါတ်တစ်က နွေစပါးစိုက်လို့ရတဲ့ အနေအထားဖြစ်အောင်မျိုး ကနေစပြီး ပြောင်းရမယ်။ အဲဒါကိုလုပ်နေတယ်။ နောက်တစ်ခုကတော့ များများထွက် အောင်လုပ်ရ မယ်။ ပေါ်ဆန်းက တစ်ဧကကို တင်း(၆၀)၊ (၇၀)၊ (၈၀) လောက်ပဲထွက်တာ။ တင်း (၁၀ဝ) လောက် အထိ ထွက်အောင်လုပ်ရမယ်။ အရည်အသွေးကောင်း အောင်လည်းလုပ်ရမှာပေါ့။ ပြီးရင် GI လိုဟာမျိုးလည်း လုပ်ရမယ်။ ပြီးရင်တော့ မြန်မာ့ဆန်မွှေးဆိုပြီး တန်ဖိုးမြှင့်ထုတ်ကုန်တစ်ခုအနေနဲ့ ဈေးကွက်ဖောက် ရမှာပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။

အဆိုပါ ပေါ်ဆန်းဆန်ကို ဥရောပနိုင်ငံများနှင့် အာဆီယံနိုင်ငံများကို အဓိကဈေးကွက်ဖော်ထုတ် သွားမည်ဖြစ်ပြီး အချိန်ယူပြင်ဆင်နိုင်ရေးကိုလည်း ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

(၂၀၁၁) ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာ ဆန်စပါးညီလာခံတွင် မြန်မာနိုင်ငံမှ ထုတ်လုပ်သည့် ရွှေဘိုပေါ်ဆန်းကို “ကမ္ဘာ့ အကောင်းဆုံးဆန် (World Best Rice)” အဖြစ် ရွေးချယ်ခံခဲ့ရသည်။
ဆန်စပါးအသင်းချုပ်အနေဖြင့် ပြည်ပဆန် တင်ပို့မှုတွင် ပြည်တွင်း၌စားသုံးခြင်းမရှိသည့် ဧည့်မထ ဆန် အုပ်စုများကိုသာ တင်ပို့နေခြင်းဖြစ်ပြီး ယခုအခါ ပေါ်ဆန်း ဆန်ကိုပါ ပြည်ပတင်ပို့နိုင်ရေး ဆောင်ရွက် နေခြင်းဖြစ်သည်။

#centralnewsnaypyitaw

image